Monday, August 22, 2016

ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာ အဖွဲ့ဝင်များအနေဖြင့် ဥပဒေ အသစ် မထွက်သေးမီတွင် လက်ရှိဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်စေလို

ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များ အနေဖြင့် ဥပဒေ အသစ်မထွက်သေးမီတွင် လက်ရှိဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်စေလိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရုပ်ရှင်နှင့် ဗီဒီယို ဆင်ဆာ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ပြောကြားခဲ့ကြောင်း သိရသည်။
ဆင်ဆာအဖွဲ့ဝင်များသည် မိမိတို့ လုပ်ပိုင်ခွင့် တာဝန် မည်မျှရှိသည်ကို တိတိကျကျ ပြန်လည်သုံးသပ်ကာ တစ်ချိန်တည်းမှာပင် ဆုံးဖြတ် ဆောင်ရွက်မည့် ကိစ္စများကို ထိထိရောက်ရောက် ရှိစေရန် စည်းမျဉ်း၊ စည်းကမ်းများ ရေးဆွဲပြီး ဆောင်ရွက်သင့်ကြောင်း၊ လက်ရှိအချိန်တွင် ဥပဒေအသစ်ထွက်ရှိရန် လိုအပ်ပြီး မထွက်ရှိနိုင်သေးချိန်တွင် ၁၉၉၆ ဥပဒေပြဋ္ဌာန်းချက်အတိုင်း တိတိကျကျ ဆောင်ရွက် ရမည်ဖြစ်သော်လည်း တစ်ဖက်တွင် တင်းကျပ်သော ဆင်ဆာ မဟုတ်ဘဲ ဖြေလျှော့ပေး သင့်သည့် အတိုင်းအတာအထိ ဖြေလျှော့ပေးရမည် ဖြစ်ကြောင်း သိရသည်။
ဆင်ဆာအဖွဲ့အနေဖြင့် အမှန်တကယ် အလုပ်လုပ်ကြသည့်အခါတွင် လက်ရှိ ဥပဒေ တွင် ဖော်ပြထား သည့်အတိုင်း လုပ်ရသဖြင့် အခက်အခဲ ရှိသည့်အတွက် ပြသ၁နာများ ဖြေရှင်း ဆောင်ရွက်သည့်အခါ ဆင်ဆာအဖွဲ့၌ ဆုံးဖြတ်ပိုင်ခွင့်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဆင်ဆာအဖွဲ့သည် ပြဋ္ဌာန်းထားသည့် ဥပဒေပေါ် မူတည်၍ မိမိတို့လုပ်ပိုင်ခွင့် မည်မျှရှိသည်ကို လေ့လာပြီး ခေတ်ကာလ အတွေးအမြင်၊ အယူ အဆများ ပြောင်းလဲနေသည့်အတွက် ရှုထောင့်များလည်း ပြောင်းလဲနေမည် ဖြစ်သည့် အတွက် လျော်ညီသည့် စဉ်းစားသုံးသပ်ချက်များ လည်း ပြုလုပ်ရန် လိုအပ်သောကြောင့် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ စသည်တို့နှင့် မညီညွတ်သဖြင့် တည်းဖြတ်ရသည့်အခါ လူ့အဖွဲ့ အစည်း တစ်ရပ်က မည်သည့် အတိုင်းအတာအထိ လက်ခံသည့်၊ လက်မခံသည့်အပေါ် ချိန်ဆပြီး ဆောင်ရွက်စေလိုသည်ဟု ဆိုသည်။
ဆက်လက်၍  နိုင်ငံရေး ပြောင်းလဲလာသည့်အလျောက် လွတ်လပ်ခွင့်ကို အလေးပေး ပြော ဆိုမှု၊ တောင်းဆိုမှုများ ရှိသည့်အတွက် ယဉ်ကျေးမှု နယ်ပယ်၊ လူမှုရေး နယ်ပယ်၌ ဘယ်အရာသည် အမှန်ဟူ၍ တိတိကျကျ ပိုင်းဖြတ်ရန် ခက်ခဲသောကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် နည်းလမ်းဖြင့် ကျင့်သုံး ဆောင်ရွက်ကြ မည်ဟု မျှော်လင့်ပါကြောင်း၊ ဆင်ဆာအဖွဲ့ဝင်အားလုံး လွတ်လွတ် လပ်လပ်နှင့် ညှိနှိုင်းဆွေးနွေးနိုင်ကြောင်း သိရသည်။
ဝသန်
The Ladies News

No comments: