Sunday, June 26, 2016

တိုက်ခန်းနှင့်ကား ဝယ်ပေးမည်ဟုဆိုကာ မိန်းကလေးငယ်ကို သားမယားအဖြစ် ပြုကျင့် ------------------------------------------



ရန်ကုန်၊ ဇွန် ၂၅

ဒဂုံအရှေ့မြို့နယ်၊ (၁၂) ရပ်ကွက်တွင် အသက် ၁၅ နှစ်အရွယ် အထည်ချုပ် စက်ရုံအလုပ်သမား မိန်းကလေးငယ်ကို တိုက်ခန်းနှင့် ကားဝယ်ပေးမည်ဟု မက်လုံးပေး၍ သားမယားအဖြစ် ပြုကျင့်ခဲ့သော အသက် ၄၉ နှစ်အရွယ် အမျိုးသားကို ဇွန်လ ၂၄ ရက်နေ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ဖမ်းဆီးစစ်ဆေးနေသော အမျိုးသားမှာ ယင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အိမ်ချင်းကပ်နေထိုင်သည့် မိန်းကလေးငယ်ကို မုန့်များမကြာခဏဝယ်ကျွေး၍ ၎င်းနှင့်ပေါင်းသင်းပါက တိုက်ခန်းနှင့် မော်တော်ယာဉ်တစ်စီး ဝယ်ပေးမည်ဟု စည်းရုံးသိမ်းသွင်းပြီး မိန်းကလေးငယ်ကို သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ ဒဂုံအရှေ့မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကောင်မလေးရဲ့ မိခင်ဖြစ်သူက သူ့သမီးရဲ့ သံသေတ္တာထဲက အဝတ်အစားတွေ ရှင်းပေးရင်း ညစ်ညမ်းစွာ ရေးထားတဲ့ စာတွေ တွေ့ခဲ့တယ်၊ သမီးဖြစ်သူကို မေးမြန်းရာက ခေါင်းရင်းအိမ်ကို ပြောင်းလာတဲ့ အမျိုးသားက ပေးထားတဲ့ စာတွေလို့ သိရပြီး တိုက်ခန်းနဲ့ ကားဝယ်ပေးမယ်ပြောလို့ ဇွန်လဆန်းပိုင်းမှာ သားမယားအဖြစ် သူတို့နှစ်ယောက် အတူနေခဲ့တယ်လို့ ကောင်မလေးရဲ့ ထွက်ဆိုချက်အရ သိရတယ် ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို ဖြားယောင်းသွေးဆောင်၍ နေအိမ်အတွင်း ခေါ်ဆောင်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့သော အသက် ၄၉ နှစ် အရွယ် အမျိုးသားကို ဒဂုံအရှေ့ မြို့မ ရဲစခန်းက ပုဒ်မ ၃၇၆/ ၃၆၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။


No comments: