Sunday, June 26, 2016

မြန်မာနိုင်ငံသား အားလုံးကို သံရုံးများက ကူညီ စောင့်ရှောက်ပေးရန် မှာကြားထားပြီး ဖြစ်ကြောင်းနှင့် အလုပ်သမား ကူညီပေးရေး အဖွဲ့များ အနေဖြင့်လည်း အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်း မပြုရန်..

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် မြန်မာအလုပ်သမားများ အရေး လှုပ်ရှားသည့် အဖွဲ့များနှင့် ဇွန် ၂၅ ရက်က တွေ့ဆုံစဉ်

မြန်မာနိုင်ငံသား အားလုံးကို သံရုံးများက ကူညီစောင့်ရှောက်ပေးရန် မှာကြားထားပြီး ဖြစ်ကြောင်းနှင့် အလုပ်သမား ကူညီပေးရေး အဖွဲ့များ အနေဖြင့်လည်း အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်း မပြုရန် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အကူအညီပေးရေး အဖွဲ့များနှင့် တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံသား အားလုံးကို သံရုံးများက ကူညီ စောင့်ရှောက်ပေးရန် မှာကြားထားပြီး ဖြစ်ကြောင်းနှင့် အလုပ်သမား ကူညီပေးရေး အဖွဲ့များ အနေဖြင့်လည်း အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်း မပြုရန် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသည့် အဖွဲ့များနှင့် ဇွန် ၂၅ ရက်က တွေ့ဆုံစဉ် ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ထိုင်းဒေသ စံတော်ချိန် ၃ နာရီ ၁၅ မိနစ်ခန့်မှ စတင်၍ တစ်နာရီကျော်ကြာ ဆွေးနွေးမှုတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံမှုတွင် အလုပ်သမားအရေး ဆောင်ရွက်နေသူ တစ်ဦးက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရောက်နေသည့် အချိန်၌ပင် မြန်မာ့ရွှေ့ပြောင်း လုပ်သားအချို့ ဖမ်းဆီးခံနေရကြောင်း ပြောကြားရာ ဒေါ်အောင်ဆန်းစုကြည်က အထောက်အထား မရှိပါက အိမ်ရှင်နိုင်ငံမှာ ၎င်းတို့ ဥပဒေအတိုင်းသာ ဆောင်ရွက်ခြင်း ဖြစ်သဖြင့် မဖမ်းဆီးရန် ပြောပိုင်ခွင့် မရှိကြောင်း ပြောကြားသည်။  

“လက်မှတ်မရှိဘူး ဆိုလို့ရှိရင် သူရဲ့ဥပဒေ အရတော့ လုပ်မှာပဲ။ ဒါကိုဖမ်းဆီးတဲ့ အချိန်မှာ လွတ်အောင် လုပ်ပေးဖို့က သံရုံးမှာလည်း တာဝန်ရှိတယ်။ လိုက်ပြီးတော့ ဒါကူညီပေးရမယ်။ အမေပြန်ပြီး ပြောမယ်နော်။ ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံရဲ့ ဥပဒေအတိုင်း လုပ်ရမယ်။ အမေတို့ နိုင်ငံမှာလည်း တရားမ၀င် အလုပ်သမားတွေ ဖမ်းတာပဲ။ တရားမ၀င် ၀င်လာတဲ့သူတွေ ဖမ်းတာပဲ။ နိုင်ငံတိုင်းမှာ ဒီလိုပဲ။ အဲဒီတော့ တရားဝင် စာရွက်စာတမ်း မရှိလို့ ဖမ်းရကောင်းလားလို့ ပြောပိုင်ခွင့် မရှိဘူး။ ဒီအခြေအနေ ကောင်းသွားအောင်တော့ ကျွန်မတို့ ၀ိုင်းပြီးတော့ ပြင်မယ်။ ဒါသံရုံးကို အရင် အကြောင်း ကြားရမယ်။ ဒီလိုဒီလို အလုပ်သမားတွေက ဒီကိစ္စနဲ့ ဖမ်းဆီးခံ နေရတယ်ဆိုလို့ ရှိရင် သံရုံးကနေ ပြေလည်အောင်လို့။ သူတို့ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေထဲမှာ မကိုက်ညီလို့ ဖမ်းထားကို မဖမ်းရဘူးလို့ အန်တီတို့မှာ ပြောပိုင်ခွင့် မရှိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့သို့ မြန်မာနိုင်ငံသားများ ဖမ်းဆီး ထိန်းသိမ်းခံရမှုများနှင့် ပတ်သက်၍  အဆင်ပြေရန် အဖြေရှာဖို့လိုပြီး မည်သူ့ကိုမျှ လက်ညှိုးထိုး အပြစ်ရှာဖို့ မဟုတ်ကြောင်း၊ အချက်အလက်များဖြင့် သံရုံးကို တိုင်ကြား အသိပေးရန်လိုပြီး သံရုံး၏ အဓိက တာဝန် တစ်ခုမှာ နိုင်ငံသူ နိုင်ငံသားများ၏ ပြဿနာများကို ဖြေရှင်းပေးရန် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြးသည်။

“ကျွန်မတို့ ပြောထားပြီးပါပြီ။ အလုပ်သမား ၀န်ကြီးကိုရော၊ သံရုံးတွေကိုရော။ အဓိက တာဝန်က ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားတွေ ကာကွယ် စောင့်ရှောက်ဖို့။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ မှားလို့ရှိရင်တောင်မှ မပစ်ပယ်ထားရဘူး။ ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စက တကယ် ဥပဒေနဲ့ ချိုးဖောက်လို့ ရှိရင်တောင်မှ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားတွေကို စောင့်ရှောက်ရမယ်။ ပေးသင့်ပေးထိုက်တဲ့ အကူအညီ အားလုံးကို ပေးရမယ်။ ဘယ်တော့မှ မပစ်ပယ်ရဘူး။ အမေပြောပြီးပြီ။ ဒါငါတို့ မဆိုင်ဘူးလို့ ပြောစရာ မရှိဘူး ဆိုင်ကိုဆိုင်တယ်။ ဆိုင်လို့ကို တာဝန်ယူရမယ်။ တာဝန်ယူပေမယ့်လည်း အိမ်ရှင်နိုင်ငံရဲ့ ဥပဒေကို လေးစားပြီးတော့မှ တာဝန်ယူရမယ်။ ကိုယ့်နိုင်ငံ မဟုတ်ဘဲနဲ့ ကိုယ်လုပ်ချင်နေသလို ကိုယ်လုပ်လို့ မရဘူး။ ကိုယ့်နိုင်ငံမှာတောင် ကိုယ်လုပ်ချင်သလို လုပ်လို့မရဘူး။ တရားဥပဒေဘောင် အတွင်းကပဲ လှုပ်ရှားလို့ ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ကလေးငယ်များ ပညာရေးအတွက် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့် မြန်မာသင်ရိုးဖြင့် သင်ကြားသော စာသင်ကျောင်းအား ရေရှည် ရပ်တည်ရေးတို့ကို ၀ိုင်းဝန်း ကြည့်ပေးရန် တင်ပြမှုအပေါ် မြန်မာနိုင်ငံ အတွင်းရှိ ကျောင်းများကိုပင် လုံလုံလောက်လောက် ပံ့ပိုးနိုင်သည့် အခြေအနေ မရှိသေးသည့်အတွက် အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များနှင့် ညှိနှိုင်းကာ ကြိုးစားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အတူ မြန်မာသံရုံး အနေဖြင့် ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားများ ကိစ္စ အားလုံးကို တာဝန်ယူရမည်ဟု ဆုံးဖြတ်ချက်ထားပြီးသား ဖြစ်ကြောင်း၊ ထိုသို့ ကူညီရာတွင် မည်သည့်နေရာ၌ ပြဿနာ ဖြစ်နေသည်ကို သိရှိရန်လိုကြောင်း၊ မည်သို့ တိုင်ကြားနိုင်မည်ကို စီစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“အလုပ်သမား အများစု သိအောင် အချင်းချင်းတော့ ကူညီရလိမ့်မယ်။ တချို့တွေက ဘယ်လိုပဲ လုပ်ထား။ လုပ်ထား နားမလည်ဘူးဆိုရင် ကျွန်မတို့နဲ့ ဆက်သွယ်လို့ မရဘူးဆိုရင် ဘယ်လိုမှ ကူညီလို့ မရနိုင်ဘူး။ အဲဒီတော့ အချင်းချင်း ကူညီပါ။ နောက်တစ်ခုကတော့ အခုအလုပ်သမားတွေ ကိုယ်စားပြုတဲ့ အဖွဲ့တွေ အားလုံးရှေ့မှာပဲ ပြောချင်ပါတယ်။ ဟိုတစ်နေ့တုန်းက ကျွန်မတို့ အလုပ်သမားတွေနဲ့ တွေ့ခဲ့တဲ့ အခါတုန်းက ကျွန်မမေးတယ်။ အလုပ်သမား အရေးကူညီတဲ့ အဖွဲ့အစည်းတွေက ဘယ်လောက်လောက်ထိ ကူညီလဲဆိုတော့ ရာခိုင်နှုန်း ၅၀ လို့ ပြောပါတယ်။ ရာခိုင်နှုန်း ၅၀ ဆိုတော့ ကျွန်မတို့ အလုပ်သမား အရေး ကူညီတဲ့ အဖွဲ့အစည်းတွေက နည်းနည်းပိုပြီးတော့ ရိုးဖြောင့်ဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ ရာခိုင်နှုန်း ၅၀ ဆိုတာ မလုံလောက်ပါဘူး။ နောက်တစ်ခုလည်း ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောရမယ်။ အချို့က ကျွန်မကို တိုင်ပါတယ်။ ဒီလို အလုပ်သမားရေးရာ လုပ်နေတဲ့ အဖွဲ့အစည်းတွေ ကိုယ်တိုင်က အလုပ်သမားတွေနဲ့ ပတ်သက်လို့ တစ်ခါတလေ ခေါင်းပုံဖြတ်တာတွေ ဟုတ်တယ်လေ။ ဒါအမှန်ကို အမှန်တိုင်း ပြောရမှာပဲ။ လုပ်ပေးခကြေး ယူတာတွေ ရှိပါတယ်လို့ ကြားရပါတယ်။ မလုပ်ပါနဲ့။ ကိုယ့်လူမျိုး အချင်းချင်း မလုပ်ပါနဲ့”  ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံပွဲ မပြုလုပ်မီ မြန်မာသံရုံးထဲ၌ပင် ထိုင်းနိုင်ငံ Asumption University (Abac) တွင် တက်ရောက်နေသည့် မြန်မာကျောင်းသားနှင့် မြန်မာ ကျောင်းဆရာများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

Writer: 

ကျော်ဇင်ဝင်း

No comments: