Saturday, January 23, 2016

ဦးတင်ဦးကို သမ္မတ တင်မယ်ဆိုကတည်းက NLD မှာ တစ်ခြားသူများက သမ္မတနေရာကို မလုပ်လိုကြဘူး၊ NLD ပါတီဝင်မဟုတ်သူများကလည်း သမ္မတနေရာကမ်းလှမ်းတာကို မလုပ်လိုကြဘူး

ဦးတင်ဦးကို သမ္မတ တင်မယ်ဆိုကတည်းက NLD မှာ တစ်ခြားသူများက သမ္မတနေရာကို မလုပ်လိုကြဘူး၊ NLD ပါတီဝင်မဟုတ်သူများကလည်း သမ္မတနေရာကမ်းလှမ်းတာကို မလုပ်လိုကြဘူး ဆိုတဲ့အနေအထားတစ်ရပ် ဖြစ်ပေါ်ခဲ့တယ်လို့ နားလည်ရပါတယ်။ သူသူကိုယ်ကိုယ်ပေါ့လေ။ တစ်လသိန်း ၅၀ ရတယ်ဆိုသော်လည်း အစည်းအဝေးတွေမှာ သမ္မတတစ်ယောက်အဖြစ် မိန့်ခွန်းပြောချိန် အောက်ကပရိသတ်က အရပ်ထဲ ၁၀ အိမ်ခေါင်း သြဝါဒချွေသလောက်တောင် ဂရုမထားမှာ၊  အခမ်းအနားတွေမှာ ကျက်သရေခေါင်းပေါင်း,ပေါင်းပြီး သမ္မတအဖြစ်နှင့် သွားပေမယ့် လူတွေအမြင်မှာ ထမိန်စခေါင်းပတ်ထားတဲ့ စာခြောက်ရုပ်တစ်ခုအဖြစ်သာ မြင်နေမှာကိုတော့ ဘယ်သူဖြစ်ချင်ပါ့မလဲ? ဒါကို ဦးတင်ဦးအနေနဲ့ မသိလို့တော့ မဟုတ်လောက်ပါဘူး။ ဒါပေမယ့် သူကလွဲလို့ ဘယ်သူမှလုပ်မယ့်သူ မရှိတော့ အများအတွက် အနစ်နာခံ လက်ခံလိုက်ရတော့တဲ့သဘောရှိပါတယ်။ သူ့ဘဝတစ်ခုလုံးကို အများတံတွေးခွက်မှာ အမျောခံပြီး ပါတီမျက်နှာမပျက်အောင် ကယ်တင်သွားမယ်လို့ စိတ်ဒုန်းဒုန်းချလိုက်တော့ပုံ ပေါ်ပါတယ်။ အစောပိုင်းမှာတော့ NLD က တင်မြှောက်မည့်သမ္မတသည် အရပ်သားစစ်စစ်ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးတော့ ဦးတင်ဦးအနေနဲ့က သမ္မတလုပ်ရမယ့်ဘေးက လွတ်နေသေးတာပေါ့လေ။ နောက်ပိုင်း လူတိုင်းက အသက်သာ အသေခံမယ် အရှက်ကွဲခံ သမ္မတမလုပ်ဖူး ဖြစ်လာတဲ့အခါ သမ္မတထိုင်ခုံကြီးက ဦးတင်ဦးဆီ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ရောဘတ်မူဂါဘီနဲ့တောင် အသက်မတိမ်းမယိမ်းရှိနေပြီး ကျန်းမာရေးလည်း မကောင်းတဲ့ ဦးတင်ဦး သမ္မတလုပ်လိုက်တာသည် မိမိအသုဘကို မိမိဘာသာပြင်ဆင်လိုက်တော့တာပါပဲ။ အများ တံတွေးခွက် ပက်လက်မျောရုံမက တံတွေးခွက်ထဲ မြှုပ်သေသွားနိုင်ပါတယ်။ လူတိုင်းကတော့ သေမျိုးချည်းပါပဲ။ သို့သော် လောဘနဲ့ သေတယ်၊ ဒေါသနဲ့ သေတယ်၊ မောဟနဲ့ သေတယ်၊ လောဘ ဒေါသ မောဟတွေကို ထိန်းချုပ် အနိစ္စသဘောတရားကို ရှုမြင်ပြီး တရားနဲ့သေတယ် ဆိုတာတွေကတော့ ကွဲပြားမှာပါ။ ဦးတင်ဦးအနေနဲ့ကတော့ သမ္မတကြီးအဖြစ်ရှိစဉ် သူများတံတွေးခွက်မှာ ပက်လက်မျောရင်း ခေါက်ကနဲ သေသွားရင်တောင် မောဟတရားတွေ ရင်မှာဖုံးလွှမ်းရင်းနဲ့ သေသွားရတော့မှာပါ။ တကယ်တော့ အသက် ၉၀ အရွယ်ဆိုတာ ဘုရားသွား၊ ကျောင်းတက် လုပ်ရမယ့်အရွယ်ထက်တောင် လွန်နေပြီး မိမိကိုယ်တိုင် တရားဘာဝနာအားထုတ်နေရမယ့် အရွယ်မျိုးပါ။ ခုတော့ စိတ်မထားတတ်လေးတစ်ချက်အတွက်နဲ့ ဘယ်ဘဝ ဘယ်ကမ္ဘာအထိ ပြိတ္တာဖြစ်လေမည်မသိ။ အိုကြီးအိုမဖြစ်ကာမှ ခုဘဝမှာလည်း ဘိလပ်လို a dog's life (ခွေးဘဝ) ဆိုတဲ့အခြေအနေရောက်၊ သံသရာမှာလည်း မကျွတ်မလွတ်ပြိတ္တာဖြစ်ရမယ့် ဦးတင်ဦးကို တွေးပြီး သနားနေမိတယ်။ စိတ်ထဲမှာလည်း အနတ္တသူရိယအမတ်ကြီးရဲ့ "သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ တစ်ယောက်သူမှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း" ဆိုတဲ့ ကဗျာတစ်ပိုင်းတစ်စပဲ အမှတ်ရနေမိတော့တယ်။

ဦးတင်ဦး
မတ် ၃၊ ၁၉၂၇ တွင် ပုသိမ်မြို့၌ ဖွားမြင်သည်။
သူရဘွဲ့ရရှိခဲ့ပြီး ဗိုလ်ချုပ်ကြီးရာထူးဖြင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသည်။


No comments: