Wednesday, January 20, 2016

ရန်ကုန်ဝန်ကြီးချုပ်အမိန့်ဖြင့် လှိုင်သာယာအနှံ့ ၀င်စီးပြီး လူဆိုးဖမ်းမည် -----------------

ရန်ကုန်ဝန်ကြီးချုပ်အမိန့်ဖြင့် လှိုင်သာယာအနှံ့ ၀င်စီးပြီး လူဆိုးဖမ်းမည် -------------------------------------------------- ရန်ကုန်၊ ဇန်နဝါရီ ၁၉ လူဆိုးလူမိုက်များဂိုဏ်းဖွဲ့ကာ အုပ်စုဖွဲ့ အနိုင်ကျင့် လုယက်မှုနှင့် ခိုက်ရန်ပြုမှုများ ဆက်တိုက် ဖြစ်ပွားနေသော လှိုင်သာယာမြို့နယ်ကို ခရိုင်အဆင့် လုံခြုံရေးတိုးမြှင့်ကာ လူဆိုး လူမိုက်များ ဖမ်းဆီးရန် ဇန်နဝါရီလ ၁၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောကြားသည်။ “ပြည်သူတွေ အထိတ်တလန့်ဖြစ်စေမယ့် လူဆိုးလူမိုက်တွေ လှိုင်သာယာမှာ အုပ်စုဖွဲ့ရှိနေတယ်လို့ သတင်းရတာကြောင့် ဝန်ကြီးချုပ်က ဒီလူမိုက်အဖွဲ့ကို ရေဆုံးမြေဆုံး လိုက်စုံစမ်းပြီး ဖမ်းဆီးအရေးယူဖို့ ရဲတပ်ဖွဲ့ထံ အမိန့်ထုတ်ပြန် ညွှန်ကြားခဲ့တာပါ၊ လူမိုက်တစ်ယောက်ကို လတ်တလော ဖမ်းမိထားတယ်၊ အမိန့်ထုတ်ပြန်တဲ့ ဒီနေ့မှာပဲ ရဲအင်အား အထူးတိုးမြှင့်ပြီး လှိုင်သာယာမြို့အနှံ့ ဝင်စစ်ဆေးမှုနဲ့ဖမ်းဆီးမှုတွေ ဆောင်ရွက်သွားမယ် ” ဟု ၄င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ လူမိုက်ဂိုဏ်းအဖွဲ့များကိုဖမ်းဆီးရန် ဇန်နဝါရီလ ၁၉ရက်နေ့ညတွင် လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှအဖွဲ့ဝင်များနှင့် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ လမ်းဆုံ၊လမ်းခွများ ပိတ်ဆို့၍ ရပ်ကွက်များအတွင်း ဝင်ရောက်စစ်ဆေးမှုများဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။ လူမိုက်ဂိုဏ်းများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ ဆယ်အိမ်မှူးများမှ မိမိ ဝန်းကျင်ရှိ နေထိုင်သူများ၏ကိုယ်ရေးအချက်အလက်များကို စုံစမ်းပေးပို့ရန် ညွှန်ကြားထားကြောင်း၊ ယင်းသတင်းပေးပို့ချက်များအရ လူဆိုးလူမိုက်များနှင့် ပတ်သက်ဆက်နွယ်သူများကို ခေါ်ယူစစ်ဆေးမှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ “နယ်ထိန်းနဲ့ ရပ်ကွက်လူကြီးအချို့က လူမိုက်အဖွဲ့နဲ့ပေါင်းပြီး အဂတိ လိုက်စားနေတာကြောင့် လှိုင်သာယာမှာ ဒီလိုလူမိုက်အဖွဲ့တွေ အဆမတန်များလာတာ။ လူမိုက်တွေက မြေကွက်တွေပေါ်အုပ်စုဖွဲ့ ကျူးကျော်ပြီး မြေပိုင်ရှင်တွေထံ သိန်းနဲ့ချီပြီး မိုက်ကြေးခွဲ ဆက်ကြေးတောင်းတယ်။ မပေးရင် လူ့အသက်ကို ရန်ရှာတာ ” ဟု လှိုင်သာယာမြို့နယ်၊ ၅၅၅ သဲကွင်းအနီးရှိ လူမိုက်အဖွဲ့မှ ကျူးကျော်သိမ်းပိုက်ကာ ငွေကျပ် သိန်း ၅ဝဝ ဆက်ကြေးတောင်းခံရသော မြေပိုင်ရှင် အသက် ၅ဝအရွယ်အမျိုးသမီးက ပြောကြားသည်။ လူမိုက်ဂိုဏ်းများမှာ လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်များတွင် အုပ်စုဖွဲ့ကျင်လည်ကျက်စားကာ ဒုစရိုက်မှုမျိုးစုံကို ကျူးလွန်လျက်ရှိကြောင်း၊ လှိုင်သာယာမြို့နယ်မှာ မြန်မာနိုင်ငံတွင် မှုခင်းအဖြစ်ပွားဆုံး မြို့နယ်ဖြစ်ပြီး လူဦးရေ ၇သိန်းနီးပါးခန့်ရှိကာ ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းဒေသကြီး နှစ်ခုကြားတွင် တည်ရှိသောကြောင့် ပြစ်မှုကျူးလွန်သူ တရားခံပြေးများ အလွယ်တကူခိုအောင်းကာ ဝင်ထွက်သွားလာနေသော မြို့နယ်ဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရှိရသည်။

No comments: