Friday, January 22, 2016

တပ်ချုပ်ပုံကို မဖွယ်မရာပြုလုပ်သူ ကချင်အမျိုးသား ပက်ထရစ် ခွန်ဂျာလီအား ထောင်ဒဏ် ၆ လ ချမှတ်

တပ်ချုပ်ပုံကို မဖွယ်မရာပြုလုပ်သူ ကချင်အမျိုးသား ပက်ထရစ် ခွန်ဂျာလီအား
ထောင်ဒဏ် ၆ လ ချမှတ်
------- ------ -------

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓာတ်ပုံအား
မဖွယ်မရာ ပြုလုပ်ကာ လူမှုကွန်ရက် စာမျက်နှာတွင် ဖြန့်ဝေခဲ့သည်ဆိုပြီး
ကချင်တိုင်းရင်းသားဖြစ်သူ ပက်ထရစ်ခွန်ဂျာလီအား ဇန်န၀ါရီလ ၂၂ ရက်နေ့
(ယနေ့)တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)အရ ထောင်ဒဏ် ၆ လ ကျခံစေ
ရန် လှိုင်မြို့နယ် တရားရုံးက အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။

ပက်ထရစ် ခွန်ဂျာလီအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၆၆(ဃ)အရ လှိုင်မြို့နယ် တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ရာ သက်သေပစ္စည်း အထောက်အထားများ၊
တရားလိုပြ သက်သေများ၊ တရားခံဘက်မှ သက်သေများအား စစ်ဆေးချက်များ
အပေါ် မူတည်၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသောကြောင့် ပြစ်ဒဏ်ချမှတ်ခြင်း
ဖြစ်ကြောင်း လှိုင်မြို့နယ် တရားသူကြီးက တရားခွင်တွင် ပြောသည်။

“ဒီအမှုမှာ တရားလိုဘက်က ခိုင်လုံထင်ရှားတဲ့ သက်သေမရှိပါဘူး ။ လူတစ်ယောက်
ရဲ့ အပြုအမူကို ကြည့်ပြီး ဆုံးဖြတ်ရစတမ်းဆိုရင် ပြစ်မှုကျူးလွန်နေတဲ့ သူတွေ
အများကြီး ရှိပါတယ် ။ အဲဒီအတွက်ကြောင့် တရားမျှတမှု မရှိတဲ့ ဆုံးဖြတ်ချက်လို့
ကျွန်မအနေနဲ့ ယူဆပါတယ်” ပက်ထရစ်ခွန်ဂျာလီ၏ ဇနီးဖြစ်သူ လူ့အခွင့်အရေး
လှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူက ပြောသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ အတွင်းက လိုင်မြို့နယ် အမှတ် ၁၀ ရပ်ကွက်
လှိုင်မြင့်မိုရ်အိမ်ရာ၊ တိုက် ၂၈ ၊ အခန်းအမှတ် ၂၀၁ တွင် နေထိုင်သူ ဦးခွန်ဂျာလီက
၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်၏ ဓာတ်ပုံကို
ခြေထောက်ဖြင့် နင်းထားသည့် ဓာတ်ပုံအား ဖြန့်ဝေမှုခဲ့သည်ဟု ဆိုပြီး အာဏာပိုင်
များက ၄င်း၏ဖုန်းနှင့် လက်ပ်တော့တို့အား သိမ်းစည်းကာ တပ်မတော် ဂုဏ်သိက္ခာ
ကျဆင်းစေသည် ဟူသော အကြောင်းပြချက်ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အမိန့်ချမှတ်မှုအား တရားခံဘက်မှ တစ်လအတွင်း အယူခံ လျှောက်ထား
နိုင်မည်ဖြစ်ပြီး အယူခံဝင်ရန် အစီအစဉ်နှင့် ပက်သက်၍ တရားခံ၏ရှေ့နေဖြင့်
တိုင်ပင်ဆွေးနွေး ဆောင်ရွက်သွားမည်ဟု ၄င်း၏ဇနီးက ပြောသည်။

ထောင်ဒဏ် ၆ လ ချမှတ်ခံရသူ ပက်ထရစ်ခွန်ဂျာလီမှာ စစ်ဘေးရှောင် ဒုက္ခသည်များ
အား အကူအညီပေးရန် လိုအပ်ချက်များနှင့် ပက်သက်၍ သုတေသန လုပ်ဆောင်
နေသူဖြစ်ကာ လူ့အခွင့်အရေး လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်မှုများ ရှိနေသူ
တစ်ဦးလည်း ဖြစ်သည်။

သတင်း / ဓာတ်ပုံ - မျိုးမင်းပိုင်
The Ladies News Journal


No comments: