Friday, January 29, 2016

မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည်ပစ်လွှတ်ဖွယ်ရှိ၍ တောင်ကိုရီးယား အနီးကပ်စောင့်ကြည့် -----------------

မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည်ပစ်လွှတ်ဖွယ်ရှိ၍ တောင်ကိုရီးယား အနီးကပ်စောင့်ကြည့်
----------------------------------------------------------------------

ဆိုးလ်၊ ဇန်နဝါရီ ၂၈

ယခုလ အစောပိုင်းက အဏုမြူ စမ်းသပ်မှု ပြုလုပ်ခဲ့သော မြောက်ကိုရီးယားက တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ဖွယ် ရှိသောကြောင့် အနီးကပ် စောင့်ကြည့်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

မြောက်ကိုရီးယားကသာ ရန်စမှု တစ်စုံတစ်ရာ လုပ်ဆောင်မည် ဆိုပါက ဒုံးကျည်စမ်းသပ်မှုမှာ အချိန်မရွေး ချက်ချင်းဖြစ်နိုင်သောကြောင့် တောင်ကိုရီးယားစစ်ဘက်က အနီးကပ်စောင့်ကြည့်နေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်မင်ဆွတ်က ပုံမှန်သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

ပြုံယမ်းအစိုးရသည် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန် ပြင်ဆင်နေဖွယ်ရှိကြောင်း ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းများကို ကိုးကားပြီး ဂျပန်အစိုးရ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ဂျပန်ကျိုဒို သတင်းဌာနက ဖော်ပြခဲ့အပြီးတွင် ယခုကဲ့သို့ တောင်ကိုရီးယားဘက်မှ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ပြုံယမ်းအစိုးရသည် ယခင်က အဏုမြူဗုံး စမ်းသပ်မှုများ မပြုလုပ်မီနှင့် ပြုလုပ်အပြီးတွင် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်လေ့ ရှိသည်။

တတိယအကြိမ်မြောက် အဏုမြူဗုံး စမ်းသပ်မှု မပြုလုပ်မီ နှစ်လအလို ၂၀၁၃ ဖေဖော်ဝါရီတွင် မြောက်ကိုရီးယားသည် အဆင့်သုံးဆင့်ပါ ယွန်းဟာ-၃ ရော့ကက်ဖြင့် ဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်း အတွင်းသို့ လွှတ်တင်ခဲ့ကြောင်း ကြေညာခဲ့ဖူးသည်။

ထိုစဉ်က ဆိုးလ်ကရော ဝါရှင်တန်ကပါ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအဖြစ် ရှုမြင်ခဲ့ကြသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သဘောတူ ဆုံးဖြတ်ချက်များအရ မြောက်ကိုရီးယားသည် ပဲ့ထိန်း ဒုံးကျည်နည်းပညာအပေါ် အခြေခံသည့် မည်သည့်ရော့ကက် ဒုံးကျည်ကိုမျှ စမ်းသပ်ပစ်လွှတ်ခြင်း မပြုရန် ပိတ်ပင်ခံထားရသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် ပထမဆုံး ဟိုက်ဒြိုဂျင်ဗုံး အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ကြောင်း ပြုံယမ်းအစိုးရက ကြေညာခဲ့အပြီးတွင် နောက်ထပ် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ဦးမည်လားဟု ပူပန်မှုများ ထွက်ပေါ်လာခဲ့သည်။

မြောက်ကိုရီးယားသည် နိုင်ငံအနောက်မြောက်ပိုင်း သောင်ချမ်း-ရီရှိ ပင်မရော့ကက်စခန်းမှ ရော့ကက်ဒုံးကျည်လွှတ်စင်ကို ဖြုတ်တပ်နိုင်သော အမိုးဖြင့် ကာကွယ်ထားသည်။

ဒုံးကျည်ပစ်လွှတ်ရန် ပြင်ဆင်မှုများကို ဖုံးကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ယူဆရသည်။

လွှတ်စင်၏ အမြင့်ကို ၂၀၁၅ တွင် မီတာ ၅၀ မှ ၆၇ မီတာသို့ တိုးမြှင့်ထားသည်။

လက်တလောတွင် ပြုံယမ်းက တာဝေးပစ် ဒုံးကျည် စမ်းသပ်ရန် ပြင်ဆင်ချိန်တွင် လုပ်နေကျ လုပ်ရပ်တစ်ခုဖြစ်သော ခုတ်မောင်းဖြတ်သန်းခြင်း မပြုရဇုန် ထုတ်ပြန်မှုကို လုပ်ဆောင်ထားခြင်း မရှိသေးပေ။


No comments: