Wednesday, January 20, 2016

ခံတွင်းမြိန်ဖို့ သီးစုံချဉ်ဟင်းတစ်ခွက်

       ဒီတစ်ခါတော့ မြန်မာဟင်းလျာတစ်မျိုးကို တင်ဆက်လိုက်ပါတယ်။


သီးစုံချဉ်ဟင်းဟာ မြန်မာတွေ အလွန်ခံတွင်းတွေ့တဲ့ ဟင်းတစ်ခွက်ပါပဲ။ ငါးရံ့ခြောက်လေးနဲ့ရောလိုက်တော့ ငရုတ်သီးကြော် ဒါမှမဟုတ် ငရုတ်သီးဆားထောင်းလေးတစ်ခွက် တွဲဖက်လိုက်ရုံနဲ့ ခံတွင်းမြိန်လှတဲ့ ထမင်းတစ်နပ်ဖြစ်သွားပါတယ်။ ငါးရံ့ခြောက်နဲ့ မချက်ချင်ရင်လည်း မထည့်ဘဲ ထားလို့ရပါတယ်။
သီးစုံချဉ်ဟင်းအတွက် လိုအပ်သော ပစ္စည်းများ
၁။ ငါးရံခြောက် ၃ မြှောင်း
၂။ ဗူးသီး ၁ စိတ်
၃။ ရုံးပတီသီး ၃ တောင့်
၎။ ဒန့်သလွန်သီး ၃ တောင့်
၅။ အာလူး ၂ လုံး
၆။ ခရမ်းသီး ၁ လုံး
၇။ ပဲတောင့်ရှည် ၅ တောင့်
၈။ ကြက်သွန်နီ ၁ လုံး
၉။ ကြက်သွန်ဖြူ ၅ တက်
၁၀။ ခရမ်းချဉ်သီး ၃ လုံး
၁၁။ ငရုတ်သီးစိမ်း ၅ တောင့်
၁၂။ ကရဝေးရွက် ၂ ရွက်
၁၂။ နံနံပင် အနည်းငယ်
လိုအပ်တဲ့ ပစ္စည်းတွေ စုံပြီဆိုရင်တော့ သီးစုံချဉ်ဟင်းကို စချက်နိုင်ပါပြီ။

သီးစုံချဉ်ဟင်းချက်နည်း
(၁) ငါးရံ့ခြောက်တွေကို အနေတော်တုံးပြီး ရေနွေးနဲ့ စိမ်ထားပါ။
(၂) အသီးအရွက်တွေကို ရေဆေးပြီး ပိုင်းဖြတ်ထားပါ။ ခရမ်းချဉ်သီးကို ၄ စိတ် စိတ်ပါ။
(၃) ကြက်သွန် အနီနဲ့ အဖြူကို ထောင်းပါ။
(၄) ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး ထောင်းထားတဲ့ ကြက်သွန်တွေကို နနွင်းမှုန့်၊အရောင်တင်မှုန့်အနည်းငယ်နဲ့ ကရဝေးရွက်ထည့်ပြီး ဆီသတ်ပါ။

(၅) ပြီးရင် ခရမ်းချဉ်သီးထည့်ပြီး အဖုံးခေတ္တအုပ်ထားပါ။
(၆) ငါးရံ့ခြောက်နဲ့ အာလူးကိုလည်းထည့်ပြီး အာလူးနူးအောင်ထားပါ။
(၇) ဒန့်သလွန်သီး၊ဗူးသီး၊ပဲတောင့်ရှည်၊ငရုတ်သီးစိမ်းတောင့်တို့ကို ထည့်ပြီး ခဏအုပ်ထားပါ။
(၈) ထည့်ထားတဲ့ အသီးအရွက်တွေ နည်းနည်း အရောင်ပြောင်းသွားပြီဆိုရင် ငါးငံပြာရည်၊သကြား၊ဟင်းခတ်မှုန့်၊မန်ကျည်းမှည့်ရည်တို့ ထည့်ပါ။
(၉) ပြီးရင် ခရမ်းသီးနဲ့ ရုံးပတီသီး ထည့်၊ အဖုံးပြန်အုပ်ပြီး မီးအေးအေးမှာ(၅)မိနစ်ခန့်နှပ်ချက်ထားပြီး နံနံပင်အုပ် လိုက်ပါ။

အခုဆိုရင် အရသာရှိတဲ့ သီးစုံချဉ်ဟင်းတစ်ခွက်ကို ရပါပြီ။
Source : ဟင်းချက်နည်းများ
Photos : yawyawthamamwe, ဟင်းချက်နည်း

No comments: