Wednesday, January 20, 2016

တာဝန်လွှဲပြောင်းရမည့် စာရင်းဇယားများ လအလိုက်စာရင်းချုပ်ရန် ဝန်ကြီးဌာနများကို သမ္မတရုံးညွှန်ကြား

တာဝန်လွှဲပြောင်းရမည့် စာရင်းဇယားများ လအလိုက်စာရင်းချုပ်ရန် ဝန်ကြီးဌာနများကို သမ္မတရုံးညွှန်ကြား ရန်ကုန်၊ဇန်နဝါရီ၁၉ အစိုးရသစ်ထံ တာဝန်လွှဲပြောင်းရမည့် စာရင်း၊ ဇယားများကို လအလိုက်စာရင်းချုပ်ရန်အတွက် ဝန်ကြီးဌာနများကို သမ္မတရုံးကညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ပြောကြားသည်။ အစိုးရဝန်ကြီးဌာနများ၏ ငါးနှစ်တာဆောင်ရွက်ချက်စာရင်းချုပ်ကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလ၃၁ရက်နေ့အထိ သတ်မှတ်စာရင်းပြုစုရန် သမ္မတရုံးကညွှန်ကြားထားပြီးနောက် ၂၀၁၆ခုနှစ် ဇန်နဝါရီလမှစတင်ကာ အစိုးရသစ်ထံတာဝန်လွှဲပြောင်းခါနီး မတ်လအထိ လစဉ်စာရင်းချုပ်ပြုလုပ်ရန် ထပ်မံညွှန်ကြားခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ ဇန်နဝါရီလ၁၈ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေရှိ နိုင်ငံတော်သမ္မတရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သော အမြဲတမ်းအတွင်းဝန်များအစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ယင်းသို့မှာကြားခြင်းဖြစ်ကြောင်း ဦးဇော်ဋ္ဌေးကဆိုသည်။ “ကျန်တဲ့သုံးလဆောင်ရွက်ချက် စာရင်းဇယားတွေအားလုံးကို စာရင်းချုပ် Update လုပ်ထားဖို့မှာထားတယ်” ဟု ၎င်းကဆိုသည်။ ထို့အပြင် ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ဆောင်ရွက်ခဲ့သော ဝန်ကြီးဌာနများ၏စီမံကိန်းများ၊ ဘဏ္ဍာရေး၊ အဆောက်အဦး၊ မော်တော်ယာဉ်တို့နှင့်ပတ်သက်သော စာရင်းဇယားများကို မတ်လ၁၅ရက်နေ့နောက်ဆုံးထားပြီး အပြီးသတ်လုပ်ဆောင်ရန် သမ္မတရုံးကညွှန်ကြားထားကြောင်း ဝန်ကြီးဌာနအချို့ထံမှသိရသည်။ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများဆုံးအနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထံသို့ တာဝန်လွှဲပြောင်းရေးအတွက် အစိုးရက နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီကို ဒီဇင်ဘာလဒုတိယပတ်အတွင်း ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီးဦးလှထွန်းနှင့် ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ်ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အသွင်ကူးပြောင်းရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာအောင်သူတို့ ပါဝင်သည်။ အဆိုပါနှစ်ဖက်ကော်မတီများ၏ နိုင်ငံတော်အကြီးအကဲတာဝန်နှင့် အစိုးရအဖွဲ့တာဝန်များ စနစ်တကျလွဲပြောင်းရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးများကို ပြုလုပ်လျက်ရှိသည်။

No comments: