Wednesday, January 20, 2016

ဘုရင်စနစ်ကို Facebook မှာ ဝေဖန်တဲ့ ထိုင်းအမျိုးသား ထောင်ခြောက်နှစ်ကျ

       ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုနဲ့ ဘုရင်စနစ်ကို စော်ကားပြောဆိုပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ကြောင်း သိရပါတယ်။


ထိုင်းအမျိုးသားတစ်ဦးဟာ ဘုရင်စနစ်ကို Facebook ပေါ်မှာ လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့မှုကြောင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံရပါတယ်။ အဆိုပါ ထိုင်းအမျိုးသားက Facebook ပေါ်မှာ ဓာတ်ပုံ ၂ ပုံ လွှင့်တင်ခဲ့ပြီး ထိုင်းဘုရင်နဲ့ ဘုရင်စနစ် ဝေဖန်ပြောဆိုထားတဲ့ စာသားရေးသားခဲ့ပါတယ်။

ဘန်ကောက်တရားရုံးက အသက် ၄၆ နှစ်အရွယ် ပီယာ ဂျူလ်ကစ်တီဖန်ဟာ ၂၀၁၃ ခုနှစ်က ဓာတ်ပုံ ၂ ပုံနဲ့အတူ ဘုရင်စနစ်ကို လူသိရှင်ကြား မလေးမစား ပြုမူခဲ့တယ်လို့ ပြောပါတယ်။
တရားသူကြီးက ပီယာကို ထောင်ဒဏ် ၉ နှစ်အထိ ချမှတ်ခဲ့တာ ဖြစ်ပေမယ့် စုံစမ်းစစ်ဆေးမှုအတွင်း ပူးပေါင်း ဆောင်ရွက်ခဲ့မှုတွေကြောင့် ပြစ်ဒဏ်ကို ၆ နှစ်သို့ လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။ Facebook ပေါ်မှာ အဆိုပါ အမျိုးသား လွှင့်တင်ခဲ့တဲ့ ပို့စ်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ တရားရုံးက ထုတ်ပြန်ပေးခြင်း မရှိပါဘူး။
ထိုင်းဘုရင် ဘူမီဘောဟာ ကမ္ဘာပေါ်မှာ နန်းသက်အရှည်ကြာဆုံး ဘုရင်တစ်ပါး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုနဲ့ ဘုရင်စနစ်ကို စော်ကားပြောဆိုပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ကြောင်း သိရပါတယ်။
Source: CNA
Photo: Reuter

No comments: