Friday, January 22, 2016

သိချင်လွန်းလို့ ကျွန်တော်မေးမိ၊ အပြစ်ရှိသလား

သိချင်လွန်းလို့ ကျွန်တော်မေးမိ၊ အပြစ်ရှိသလား

22-1-2016

ပြည်တွင်း၌သာမက ကမ္ဘာ့တ၀န်းကပါ စိတ်ဝင်စားနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖွဲ့စာရင်းများ ခုတမျိုး၊ တော်ကြာတမျိုးဖြင့် မီဒီယာများ၊ လူမှုရေး ကွန်ရက်များပေါ်တွင် ပျံ့နှံ့နေသည်။ ပြည်ပသတင်းဌာနများက NLD ပြောရေးဆိုခွင့်ရှိသူတဦးကပြောကြား သော ဒီချုပ်အစိုးရအဖွဲ့ လျာထားစာရင်းဟု ဖော်ပြလိုက် NLD သတင်းအရင်း အမြစ်များက ငြင်းပယ်လိုက်နှင့် လုံးချာလိုက်နေသည်။
NLD ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ကရင်တိုင်းရင်းသားဦးဝင်းခိုင် သန်း (မန်းဘခိုင်၏သား)၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ကချင်တိုင်းရင်းသားတဦးကို ရွေးချယ်မည်ဟုပြောဆိုမှုနှင့်ပတ်သက်၍ ဇန်န၀ါရီ ၂၁ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက် ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းရာ ''အဲဒီကိစ္စနဲ့ပတ်သက်ပြီး မမေးပါနဲ့။ ဖြေစရာ လည်းမရှိပါဘူး။ ပြောတဲ့သူကိုပဲ မေးကြည့်ပါ''ဟု ဖြေကြားသွားခဲ့သည်။
NLD အစိုးရသစ်စာရင်းနှင့်ပတ်သက်ပြီး ကောလာဟလများကား အမျိုးမျိုး ပေါ်ထွက်နေဆဲဖြစ်သည်။ ဇန်န၀ါရီ ၂၁ ရက်တွင် ပေါ်ထွက်လာသော သတင်းအရ သမ္မတအဖြစ် သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ အရန် ဒေါက်တာတင်မာအောင် (NLD ဥက္ကဋ္ဌရုံး တာဝန်ခံ)၊ ဒုတိယသမ္မတဦးခွန်ထွန်းဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်၊ အရန် ဒေါက်တာမျိုးအောင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အရန် ပြည်နယ်/တိုင်းမှ ဥပဒေပညာရှင်တဦးဟု ဖော်ပြသည်။
တဖန် ဇန်န၀ါရီ ၂၁ ရက်တွင် NLD အစိုးရသစ်လျာထားစာရင်းဟူ၍ အောက်ပါအတိုင်း ထပ်မံထွက်ပေါ်လာပြန် သည်။ ၎င်းတို့မှာ သမ္မတဦးထင်ကျော်၊ ပညာရေးဝန်ကြီး ဒေါက်တာအောင်သူ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာတင်မျိုးဝင်း၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီး ဧဒင်ဦးချစ်ခိုင်၊ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဒေါက်တာခင်မောင်ညို၊ ပြန်ကြားရေးဝန်ကြီး မုံရွာဦးအောင်ရှင်၊ သာသနာရေးဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန် တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေး မြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ရန်ကုန်မြို့ တော်ဝန် ဦးသက်ထွန်းဝင်း၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ရာထူးမပါ ဦးအောင်မင်း။
မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲအကြိုကာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် ၉၀ ပြည့် ရွေးကောက်ပွဲတုန်းကနည်းတူ တောင်ပြိုကမ်းပြိုအနိုင်ရပါ့မလားဟု စိုးရိမ်ပူပန်ခဲ့ကြသည်။
''လူကိုမကြည့်နဲ့။ ပါတီလိုဂို အမှတ်အသားကိုပဲကြည့်ပြီးကို မဲပေးကြပါ''ဟူသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စကားကို နားထောင်ကာ မိမိတို့အသည်းကြားမှ မဲတပြားကို NLD အား ပုံအောမဲပေးခဲ့ကြသည်။ ရွေးကောက်ပွဲတွင် NLD အပြတ်အသတ် အနိုင်ရပြီးနောက် အနိုင်ရပါတီအား အာဏာတကယ်လွှဲပြောင်း ပေးပါ့မလားဟု ပြည်သူလူထုက စိုးရိမ်နေကြသည်။ အာဏာလွှဲပြောင်းရေးကိစ္စ အစစအဆင်ပြေကြောင်း သတင်းကြားရပြန်တော့လည်း NLD အစိုးရသစ်တွင် သမ္မတ ဘယ်သူဖြစ်မလဲ၊ ဘယ်သူတွေပါမလဲ ပြည်သူ လူထု မကြိုက်နှစ်သက်သူများပါဝင်မလားဟူ၍ သိလိုစိတ်ပြင်းပြနေကြသည်။ စိုးရိမ်နေကြပြန်သည်။
NLD အစိုးရလျာထားစာရင်းသိခွင့်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ပုံမှန်တိုက်ရိုက်မေးမြန်းခွင့်ရနေသော လွတ်လပ်သော အာရှအသံ(RFA)မှ ဦးခင်မောင်စိုးပင်မရပေ။''အစိုးရအဖွဲ့အတွက် ရာထူးတာဝန်တွေ ရွေးချယ်မှုတွေ တော်တော်ပြီးနေပြီလားခင်ဗျ''ဟူသော ဦးခင်မောင်စိုး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ''ကိုခင်မောင်စိုး၊ မစပ်စုပါနဲ့။ အချိန်တန်ရင် သိရပါလိမ့်မယ်''ဟု စကားပိတ်ဖြေကြားခဲ့ သည်။
NLD အစိုးရသစ်တွင် သမ္မတ မည်သူဖြစ်မည်နည်း။ မည်သူတွေ လွှတ်တော်ဥက္ကဋ္ဌ ရာထူးများရကြမလဲ။ ပြည် ထောင်စုဝန်ကြီးများစာရင်းတွင် မည်သူတွေပါမည်နည်းဆိုသည်နှင့်ပတ်သက်ပြီး ပြည်သူများ၏ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လျက်ရှိသည်။ NLD အစိုးရသစ်စာရင်း ပဟေဠိကား အဖြေညှိနှိုင်းဖို့ အလှမ်းဝေးနေဆဲဖြစ်သည်။

News Watch


No comments: