Sunday, June 26, 2016

ဦးသန့်နေအိမ်ပြတိုက်၌ စာကြည့်တိုက်၊ စာအုပ်အရောင်းဆိုင်နှင့် ကော်ဖီဆိုင် ဖွင့်လှစ်မည် --------------------------------------------------



ရန်ကုန်၊ ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပန်းဝါလမ်းတွင် ဖွင့်လှစ်ထားသော ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်နေအိမ်ပြတိုက်၌ စာကြည့်တိုက်၊ စာအုပ်အရောင်းဆိုင်နှင့် ကော်ဖီဆိုင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးသန့်နေအိမ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းသို့ဖွင့်လှစ်နိုင်ရန် အဆောက်အအုံသစ်တည်ဆောက်ရန် လိုအပ်ကြောင်းလည်း အဆိုပါအဖွဲ့ထံမှ ဆက်လက် သိရသည်။

“စာကြည့်တိုက်ကတော့ Digital Library မျိုးလုပ်မှာဖြစ်သလို ကော်ဖီဆိုင်က ဒီမှာ ဝင်ငွေတစ်ဖက်က ရရှိအောင်လို့ပါ။ ဒါဖွင့်ဖို့အတွက် ဘတ်ဂျက်အရ အလှူငွေသတ်မှတ်ချက်ပြည့်ရင် လုပ်ဖြစ်မှာပါ”ဟု ဦးသန့်နေအိမ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ပရိုဂရမ်မန်နေဂျာ ဒေါ်ခိုင်ဇာကြည်လွင်က ဆိုသည်။

ယင်းအဆောက်အအုံအသစ်တည်ဆောက်နိုင်ရန် ဦးသန့်နေအိမ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ပြတိုက်သည် အစိုးရပိုင်ဖြစ်သဖြင့် နှစ်ရှည်ငှားရမ်းခွင့်ရရှိနိုင်ရန် ကြိုးပမ်းခြင်းနှင့် လျှပ်စစ်မီးအတွက် မီးအားမြှင့်စက်ကိုပါ တည်ဆောက်မည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ဘတ်ဂျက်ငွေရရှိပါက အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

ပျက်စီးယိုယွင်းနေသော ဦးသန့်နေအိမ်ကို ၂၀၁၁ ခုနှစ်မှစတင်၍ အများပြည်သူများ၏လှူဒါန်းငွေ ကျပ်သိန်း ၁၅၀၀ ခန့်ဖြင့် ပြန်လည်ပြင်ဆင်ခဲ့ပြီး အများပြည်သူများ လာရောက်လေ့လာရန် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှစ၍ အပတ်စဉ်သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်ခဲ့ရာ လက်ရှိအချိန်အထိ ပြည်တွင်းမှ လာရောက် လေ့လာသူ ၂၀၀၀ ခန့်နှင့် ပြည်ပမှ လာရောက်လေ့လာသည့် ခရီးသွားဧည့်သည် ၃၀၀ ခန့် ရှိပြီဖြစ်ကြောင်း ဦးသန့် နေအိမ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

“စာကြည့်တိုက်ဖွင့်ဖို့ လုပ်မယ်ဆိုရင် ဆရာကြီးဦးသန့်ရဲ့ မြန်မာနိုင်ငံနဲ့ နယူးယောက်မှာ သူစုဆောင်းထားရှိခဲ့တဲ့ စာအုပ်တွေကိုပါ လေ့လာဖတ်ရှုနိုင်ဖို့ လုပ်ပေးနိုင်မယ်ဆိုရင် အများကြီးအဆင်ပြေပြီး လူငယ်တွေအတွက်လည်း အရမ်းအကျိုးရှိမှာပါ”ဟု ဦးသန့်နေအိမ်ပြတိုက်သို့ လာရောက်လေ့လာသည့် ဦးအောင်ပိုင်က ဆိုသည်။

ဦးသန့်နေအိမ်သည် ကိုလိုနီခေတ်လက်ရာနေအိမ်ဖြစ်ပြီး ၁၉၅၀ ပြည့်နှစ် ဝန်ကြီးချုပ်ဦးနု၏အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ချိန်မှ ၁၉၅၇ခုနှစ် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရသည်အထိ ယင်းအိမ်တွင် နေထိုင်သွားခဲ့ကြောင်း ဦးသန့်နေအိမ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။


No comments: