Monday, December 7, 2015

တနိုင်းမြို့အတွင်းရှိ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံ

တနိုင်းမြို့အတွင်းရှိ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံ

6.12.2015

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသာ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များအား ဒီဇင်ဘာလ ၄ ရက်နေ့တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံသွားကြောင်း ရွှေလုပ်သား တစ်ဦးထံမှသိရပါသည်။

တနိုင်းမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လူသုံးကုန်၊ စားသောက်ကုန်၊ ရွှေဆိုင်၊ ပယင်းဆိုင်၊ စက်ပစ္စည်း အရောင်းဆိုင်နှင့် ဓာတ်ဆီဆိုင်များအား တစ်နှစ်စာဆက်ကြေးငွေအဖြစ် တစ်လလျှင် ရှစ်သောင်းကျပ်နှုန်းဖြင့် ကောက်ခံရာ  စုစုပေါင်း ၇၅ သိန်းကျပ်ခန့် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံသွားသည်ဟု  စက်ပစ္စည်းဆိုင်ရှင် တစ်ဦးမှပြောပြပါသည်။

“ KIA အဖွဲ့က တောင်းတဲ့ ဆက်ကြေးငွေကအရမ်းများတယ်ဗျ၊ ဒီနှစ်ကတိုက်ပွဲတွေလည်း ပြန်ဖြစ်နေတော့  လုပ်ငန်းတွေက အဆင်မပြေဘူး၊ မပေးပြန်ရင်လည်း ရန်ရှာအုံးမှာ ၊ ဟိုတလောကတောင် ဖားကန့်က ကျောက်မျက်ကုမ္ပဏီတွေ မီးရှို့ခံရတယ်သတင်းကြားတယ်၊ အလုပ်ဆက်လုပ်မယ်ဆိုရင်တော့ တောင်းတဲ့ငွေ ရှာကြံပေးရမှာပေါ့ ” ဟု တနိုင်းမြို့ စက်ပစ္စည်းဆိုင်ရှင်တစ်ဦးက ပြောကြားသွားပါသည်။

“ KIA အဖွဲ့က သူတို့ကိုယ်ကျိုးစီးပွားအတွက်ပဲ ကြည့်ကြတာ၊ ဒေသခံတိုင်းရင်းသားတွေအပေါ် ဘယ်အရာများကြည့်ရှုကြလို့လဲ၊ သူတို့လုပ်တတ်တာဆိုလို့ လူသတ်မယ်၊ ဆက်ကြေးကောက်မယ်၊ သစ်ခိုး ထုတ်မယ် ဒါတွေပဲတတ်တယ်၊ သူတို့ကိုယ်ကျိုးမရသရွေ့ ငြိမ်းချမ်းရေးရအောင် ဘယ်တော့မှ ကြိုးပမ်းကြမှာ မဟုတ်ဘူး” ဟု ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးမှ ပြောကြားသွားခဲ့သည်။

ဆိုင်နော်(ဖားကန့်)

No comments: