IS ချေမှုန်းမှုစစ်ဆင်ရေး၌ ဂျာမနီပူးပေါင်းပါဝင်ရန် ဂျာမန်အောက်လွှတ်တော် အတည်ပြု
--------------------------------------
ဘာလင်၊ ဒီဇင်ဘာ ၅
ဆီးရီးယားရှိ အစ္စလာမ္မစ် စစ်သွေးကြွများကို တိုက်ခိုက်နှိမ်နင်းသည့် မဟာမိတ်တို့၏ စစ်ဆင်ရေးတွင် ဂျာမနီ နိုင်ငံအနေနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို ဂျာမန် အောက်လွှတ်တော်က အတည်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ယမန်နေ့က ဂျာမန် အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ဂျာမန်အောက် လွှတ်တော်အမတ် ၅၉၈ ဦးအနက် ၄၄၅ ဦး က ထောက်ခံမဲပေးပြီး ၁၄၆ ဦးက ကန့်ကွက် မဲပေးကာ ၇ ဦးက မဲမပေးဘဲ နေခဲ့သည်။
ဂျာမန်အောက်လွှတ်တော်က အတည်ပြုလိုက်သော ဂျာမန်အစိုးရ၏ IS နှိမ်နင်းရေး အစီအစဉ်အရ ပြင်သစ်လေယာဉ် တင်သင်္ဘော Charles de Gaulle ကို အကာအကွယ်ပေးရေး အတွက် ဖရီးဂိတ် တစ်စီးနှင့် တော်နေတိုး ဂျက်လေယာဉ် ခြောက်စင်း စေလွှတ်ရေးတို့ ပါဝင်သည်။
Charles de Gaulle ကို အကာအကွယ်ပေးမည့် ဖရီးဂိတ်တွင် စစ်မှုထမ်း ၁၂၀၀ ဦးပါဝင်မည် ဖြစ်ကြောင်း၊ သို့သော် ဂျာမနီအနေနှင့် ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုနှင့် ရုရှားတို့ကဲ့သို့ လေကြောင်းထိုးစစ်များ လုပ်ဆောင် မည်မဟုတ်ကြောင်း ဂျာမန်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ပြင်သစ်နိုင်ငံက ပဲရစ်မြို့တော် အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် အဆိုပြုခဲ့ခြင်းကြောင့် ဂျာမန် ပါလီမန်က ယခုကဲ့သို့ မဲခွဲဆုံးဖြတ်ခြင်း ဖြစ်သည်။
အဆိုပါအစီအစဉ်ကြောင့် ဂျာမနီ နိုင်ငံသည် IS စစ်သွေးကြွများ၏ ပစ်မှတ် ဖြစ်လာတော့မည်ဟု ဂျာမန်အစိုးရ ဝန်ကြီးများက ယုံကြည်လျက်ရှိသည်။
ယခုအစီအစဉ်သည် ဂျာမနီအတွက် ပြည်ပဒေသ၌ အကြီးမားဆုံးသော စစ်ဆင်ရေးကြီးတစ်ခု အဖြစ် မှတ်တမ်းတင် ခံရတော့မည် ဖြစ်သည်ဟု ဂျာမန်အစိုးရ အရာရှိကြီးများက ဆိုသည်။
ထို့ပြင် IS ချေမှုန်းရေး အစီအစဉ် အတွက် ဂျာမနီအနေနှင့် ယူရိုငွေ ၁၃၄ သန်းအထိ ကုန်ကျဖွယ်ရှိသည် ဟုလည်း အစိုးရက ခန့်မှန်းထားသည်။
လက်ရှိအနေအထားတွင် ဗြိတိန် စစ်လေယာဉ်များသည် ဆီးရီးယားရှိ IS ပစ်မှတ်များကို ပထမဆုံးအကြိမ် အဖြစ် ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။
ဗြိတိန်နိုင်ငံသည်လည်း ပါလီမန် လွှတ်တော်က ဆီးရီးယားရှိ IS စစ်သွေးကြွများအား ချေမှုန်းမည့် အစီအစဉ်ကို သဘောတူ ခွင့်ပြုလိုက်ပြီးနောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment