အီရတ်နိုင်ငံသို့ ကျူးကျော်လာသော တူရကီတပ်ဖွဲ့ဝင်များကို ပြန်လည်ထွက်ခွာရန် အီရတ်ဝန်ကြီးချုပ် တောင်းဆို
ဘဂ္ဂဒက် ၊ ၆-၁၂-၂၀၁၅
အီရတ်နိုင်ငံ မြောက်ပိုင်းသို့ ကျူးကျော် ဝင်ရောက် လာခဲ့သော တူရကီ တပ်ဖွဲ့ဝင်များ ကို ချက်ချင်း ပြန်လည် ထွက်ခွာကြရန် အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ် အဘာဒီ က တောင်းဆို ခဲ့ကြောင်း Press TV သတင်းတစ်ရပ် အရ သိရသည်။
တူရကီနိုင်ငံမှ တပ်ရင်းတစ်ရင်း နီးပါးခန့်သည် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ နိနဝေ ပြည်နယ် အတွင်းသို့ ကျူးကျော် ဝင်ရောက် လာခဲ့ကြောင်းနှင့် အဆိုပါ လုပ်ရပ်သည် အီရတ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အီရတ် ဝန်ကြီးချုပ် ရုံး၏ ဒီဇင်ဘာ ၅ ရက် အစောပိုင်းက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် တူရကီနိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို လေးစားပါက ၄င်း၏ တပ်ဖွဲ့ဝင် များကို အီရတ်နယ်မြေ ပိုင်နက်အတွင်းမှ ချက်ချင်း ရုပ်သိမ်း သင့်ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။ တူရကီ တပ်ဖွဲ့ဝင်များ သည် အီရတ် အစိုးရထံမှ မည်သည့် ခွင့်ပြုချက် ကိုမျှ တောင်းခံခဲ့ခြင်း မရှိသည့်အတွက် ယင်း လုပ်ရပ်သည် အီရတ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်ဟု ၄င်း အစီရင်ခံစာတွင် အလေးပေး ဖော်ပြထားသည်။
အဆိုပါ ပြည်နယ် မိုဆူးလ်မြို့ရှိ စစ်အခြေစိုက် စခန်းတစ်ခု သို့ တူရကီ တပ်ဖွဲ့ဝင် ရာပေါင်း များစွာကို စေလွှတ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ စေလွှတ်ရခြင်းမှာ အီရတ် တပ်ဖွဲ့ဝင် များအား လေ့ကျင့် သင်ကြားပေးရန် ဖြစ်ကြောင်း တူရကီ နိုင်ငံမှ လုံခြုံရေးဆိုင်ရာ သတင်း အရင်းအမြစ် တစ်ခု၏ ပြောကြားချက် ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ဒီဇင်ဘာ ၄ ရက်တွင် ဖော်ပြခဲ့သည်။
Ref: Press TV
No comments:
Post a Comment