Sunday, December 6, 2015

ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓါးဖြင့်ထိုးသတ်သည့် မိန်းကလေးမှာ အရက်သေစာသောက်စားထားဟုဆို --------------------------

ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓါးဖြင့်ထိုးသတ်သည့် မိန်းကလေးမှာ အရက်သေစာသောက်စားထားဟုဆို
------------------------------------
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဒီဇင်ဘာ ၅ ရက် ညက ဆိုင်ကယ်လဲသည်ကို သွားထူပေးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆိုင်ကယ်ပိုင်ရှင် အသက်၂၀ အရွယ်အမျိုးသမီးက ဓါးဖြင့်ထိုးသတ်ခဲ့သော ဖြစ်စဉ်မှာ အရက်သေစားသောက်စားမူးယစ်ထားသည့်အရှိန်ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တောင်ငူမြို့နယ် အမှတ်(၂)နယ်မြေရဲစခန်းမှ ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ တောင်ငူမြို့နယ် အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မျိုးဆိုသူဖြစ်ပြီး အဆိုပါနေ့ ည ၆ နာရီ ၄၅ မိနစ်ခန့်က အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ ဝင်များနှင့်ထိုင်စကားပြောနေစဉ် ရုံးအနီး ဓါတ်တိုင်အောက်တွင် ဆိုက်ကယ်စလစ်ဖြစ်ပြီး တိမ်းမှောက်သွားသည့် မိန်ကလေးကို သွားရောက် ထူမပေးစဉ် မိန်ကလေးက အသင့်ကိုင်ဆောင်ထားသည့် မီးဖိုချောင်သုံး ကိုးလက်မခန့်ရှိ အရိုးတပ်ဓါးဖြင့်  ထိုးသတ်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ ရှိသူ ရာအိမ်မှူးဦးသန်းထွဋ်က ပြောကြားသည်။

"ကျနော်သွားတဲ့အချိန် ကိုသန်းထွဋ်ရေ ကျွန်တော့်ကို ဓါးနဲ့ထိုးသွားပြီဗျလို့ အော်ပြီးလဲကျသွားချိန် မိန်းကလေးက ကျွန်တော်ကို ဆက်ထိုးတာ ဓါးက ကျန်ခဲ့တော့ မမိပဲ လက်ကို လိမ်ပလိုက်ရတာပါ"ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးဦးကျော်ကျော်မျိုးကို ဓါးဖြင့်ထိုးခဲ့သည့် ဒေါ်သီတာအေးသည်မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ထထ အမှတ်(၅)ရပ်ကွက်(သင်ပန်းကုန်း)နေသူဖြစ်ပြီး တောင်ငူမြို့ အမှတ်(၂)ရပ်ကွက် ရွှေဟင်္သသာလမ်းတွင် ဈေးရောင်းချပြီး အသက်မွေးဝမ်းကျောင်း နေသူ တစ်ဦးဖြစ်ကာ လူသတ်မှုကျုးလွန်ပြီး မကြာမီ ရပ်ကွက်အုပ်ချုပ်ရေးမှတာဝန်ရှိသူများက ချက်ခြင်း လက်ရဖမ်းဆီးခဲ့ပြီး တောင်ငူမြို့ အမှတ်(၂)နယ်မြေ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း အမှတ်(၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

လူသတ်မှုကျုးလွန်ခဲ့သည်ဟု ဆိုသူ ဒေါ်သီတာအေးကို တောင်ငူမြို့နယ် အမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၃၃၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်ဟု တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - ဇေယျာကို

No comments: