Sunday, December 6, 2015

ကိုင်ရိုမြို့ရှိ စားသောက်ဆိုင်တစ်ခုကို စစ်သွေးကြွများ မီးလောင်ဗုံးဖြင့်တိုက်ခိုက်၊ ၁၆ ဦးသေဆုံး -----------------------------

ကိုင်ရိုမြို့ရှိ စားသောက်ဆိုင်တစ်ခုကို စစ်သွေးကြွများ မီးလောင်ဗုံးဖြင့်တိုက်ခိုက်၊ ၁၆ ဦးသေဆုံး
-------------------------------------
ကိုင်ရို၊ ဒီဇင်ဘာ ၅

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ စားသောက်ဆိုင်တစ်ခု မီးလောင်ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရခြင်းကြောင့် လူပေါင်း ၁၆ ဦး သေဆုံးသွားသည်ဟု အာဏာပိုင်များက ပြောကြားကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။

မီးလောင်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခံရမှုမှာ ကိုင်ရိုမြို့တော်၊ အိုဂူဇာနယ်ဒေသရှိ အယ်လ်ဆေယက်ဟု အမည်ရသည့် စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အီဂျစ်အာဏာပိုင်များ၏ အဆိုအရ အကြမ်းဖက်သမား ခြောက်ဦးသည် အဆိုပါ စားသောက်ဆိုင်ရှိရာ အဆောက်အအုံကို  ပစ်မှတ်ထားခဲ့ခြင်း ဖြစ်နိုင်သည်ဟု သိရသည်။

အဆိုပါစားသောက်ဆိုင်မှာ မြေအောက်လွှာတွင် တည်ရှိပြီး ဝင်ပေါက် တစ်ခုတည်းရှိရာ လူများအနေနှင့် အပြင်သို့ အလွယ်တကူ ထွက်ပြေးလွတ်မြောက်ရန် ခဲယဉ်းကြောင်း၊ သို့အတွက်ကြောင့် ၁၆ ဦး သေဆုံးသွားခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

သေဆုံးသွားသူ အများစုမှာ မီးလောင်ကျွမ်းခြင်း သို့မဟုတ် မီးခိုးငွေ့များ ရှူရှိုက်မိခြင်း အစရှိသည်တို့ကို ခံစားသွားခဲ့ရသည်ဟု အီဂျစ်အစိုးရ အရာရှိကြီးများက ပြောကြားသည်။

“မီးလောင်ဗုံး ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့သူ သုံးဦးရှိပါတယ်” ဟု အီဂျစ် ကယ်ဆယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

အီဂျစ်ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သေဆုံးသွားသူများ အနက် ၁၁ ဦးသည် အဆိုပါစားသောက်ဆိုင် ဝန်ထမ်းများဖြစ်သည်ဟု သိရသည်။

လက်ရှိအနေအထားတွင် အီဂျစ် အာဏာပိုင်များသည် နိုင်းမြစ်ကမ်းနံဘေးတွင် ရှိသော အဆိုပါစားသောက်ဆိုင် ထဲမှ  သက်သေ အထောက်အထားများကို ရှာဖွေနေဆဲဖြစ်သည်။

အီဂျစ်နိုင်ငံ၏ မြို့တော်ကိုင်ရိုတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သားပြည်သူ များအပေါ် တိုက်ခိုက်မှုများ မကြာခဏဖြစ် ပွားလေ့ရှိပြီး ယင်းတိုက်ခိုက်မှုများကို အစ္စလာမ္မစ် စစ်သွေးကြွများက လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အစိုးရအရာရှိကြီးများက ဆိုသည်။

No comments: