Sunday, December 6, 2015

ပြည်တွင်းတာဝါတိုင် ကုမ္ပဏီ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို မလေးရှားကုမ္ပဏီ ဝယ်ယူ ------------------

ပြည်တွင်းတာဝါတိုင် ကုမ္ပဏီ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို မလေးရှားကုမ္ပဏီ ဝယ်ယူ
-----------------------------------

ရန်ကုန်၊ ဒီဇင်ဘာ ၅

ပြည်တွင်း၌ ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူသည့် Myanmar Tower Company ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို မလေးရှားအခြေစိုက် edotco Group က အမေရိကန်ဒေါ်လာ ၂၂၁ သန်းဖြင့် အပြီးသတ် ဝယ်ယူလိုက်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။

အရှေ့တောင်အာရှဒေသ ဆက်သွယ်ရေးနယ်ပယ်တွင် ထိပ်တန်း အခြေခံအဆောက်အဦ တည်ဆောက်သူအဖြစ် ရပ်တည်နိုင်ရန် မြန်မာနိုင်ငံ၌ လုပ်ကိုင်နေသော Myanmar Tower Company ၏ ပိုင်ဆိုင်မှုရှယ်ယာ ၇၅ ရာခိုင်နှုန်းကို စင်ကာပူ အခြေစိုက် Digicel Asian Holding ကုမ္ပဏီထံမှ လွှဲပြောင်းရယူခဲ့ခြင်း ဖြစ်ကြောင်း edotco Group က ဒီဇင်ဘာလ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနယ်ပယ်တွင် ဝင်ရောက်လုပ်ကိုင်၍ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကူညီမည်ဖြစ်ပြီး Myanmar Tower Company ၏ ကျန်ရှိသည့် ပိုင်ဆိုင်မှု ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို Yoma Strategic Holding ကုမ္ပဏီက ဆက်လက်ပိုင်ဆိုင်မည် ဖြစ်ကြောင်း edotco Group ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

edotco Group မှာ မလေးရှား အခြေစိုက် Axiata Group က ၂၀၁၂ ခုနှစ်က တည်ထောင်ထားခြင်း ဖြစ်ပြီး မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ဆက်သွယ်ရေး အခြေခံအဆောက်အဦဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခု ဖြစ်သည်။

No comments: