Tuesday, December 8, 2015

မန္တလေးတိုင်းကို ဗဟိုပြု၍ ပြည်တွင်းလူကုန်ကူးမှု မြင့်တက် ----------------

မန္တလေးတိုင်းကို ဗဟိုပြု၍ ပြည်တွင်းလူကုန်ကူးမှု မြင့်တက်
--------------------------------

မန္တလေး၊ ဒီဇင်ဘာ ၇

အိမ်အကူအဖြစ် စေခိုင်းခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်းများ အတွက် အမျိုးသမီးများကို အဓိကထား လူကုန်ကူးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးကို ဗဟိုပြု၍ လက်ရှိ ၂၀၁၅ ခုနှစ်အတွင်း ပြည်တွင်းလူကုန်ကူးမှု ယမန်နှစ်ထက် မြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုထံမှ စုံစမ်းသိရှိရသည်။

မန္တလေးမြို့တော်ကို ဗဟိုပြု၍ လူကုန်ကူးမှု ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာ ကာလ အတွင်း ပြည်တွင်း၊ ပြည်ပ လူကုန်ကူးခံရမှု ၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းအနက် ပြည်တွင်းလူကုန်ကူးမှု ခြောက်ကြိမ် ပါဝင်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့စု ရဲမှူးဖေသိန်းကျော်က ပြောကြားသည်။

“မနှစ်က ပြည်တွင်းလူကုန်ကူးမှု နှစ်ကြိမ်ပဲ ရှိခဲ့ပေမယ့် ဒီနှစ် ခြောက်ကြိမ်ထိ ရှိခဲ့တယ်ဆိုတော့ လေးဆ မြင့်တက်လာတာပေါ့။ အဲဒီအထဲမှာ အသက် ၁၃ နှစ် ဝန်းကျင် ကလေးငယ်တစ်ဦးပဲ အိမ်ဖော်အဖြစ် လူကုန်ကူးခံရတာ။ ကျန်တာက ပြည့်တန်ဆာအဖြစ် အသုံးချခံရတာ များတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် အလားတူကာလ အတွင်း နစ်နာတိုင်ကြားမှု နှစ်ကြိမ် အပါအဝင် တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ၁၀ ကြိမ်၊ ထိုင်းနိုင်ငံသို့ တစ်ကြိမ်နှင့် ပြည်တွင်းလူကုန်ကူးမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နစ်နာတိုင်ကြားမှု သုံးကြိမ်၊ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှု ရှစ်ကြိမ်နှင့် ပြည်တွင်းလူကုန်ကူးမှု ခြောက်ကြိမ်အထိ ရှိခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း ပြီးခဲ့သည့်နှစ်က လူကုန်ကူးခံရသူ အမျိုးသား ၁၃ ဦး အပါအဝင် အမျိုးသမီး ၂၁ ဦး ရှိခဲ့ပြီး ယခုနှစ် နိုဝင်ဘာလအထိ အမျိုးသား ပါဝင်ခြင်းမရှိဘဲ အမျိုးသမီး ၂၈ ဦး သာ ရှိခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့စာရင်းအရ ထပ်မံသိရသည်။

No comments: