Tuesday, December 8, 2015

အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ယခုနှစ်အတွင်း လူ ၁၂၀ ကျော် သေဆုံး ----------

အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ယခုနှစ်အတွင်း လူ ၁၂၀ ကျော် သေဆုံး
--------------------------------------

ရန်ကုန်၊ ဒီဇင်ဘာ ၇

မိုင်ပေါင်း ၃၆၆ မိုင် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ယာဉ်မတော်တဆမှုကြောင့် လူ ၁၂၀ ကျော် သေဆုံးခဲ့ပြီး လူ ၁၀၀၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုများ ဖြစ်ပွားနေသော အမြန်လမ်းကို ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပူးပေါင်းကာ လမ်းပိုင်းဆိုင်ရာ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ယခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၄၂၀ မှုအထိ ဖြစ်ပွားခဲ့ကြောင်း ယင်းတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ယာဉ်မတော်တဆမှုက ဒီနှစ် ပိုမြင့်တက်လာတယ်၊ ဒါပေမဲ့ လူသေဆုံးမှု လျော့နည်းလာခဲ့တယ်၊ အရင်က ယာဉ်တိုက်မှုဖြစ်ရင် အရေးပေါ်ကား အချိန်မီ မရောက်နိုင်ခဲ့တာကြောင့် သွေးလွန်သေဆုံးမှုတွေ ဖြစ်ခဲ့ပေမယ့် အခုနှစ်ပိုင်းမှာ အမြန်လမ်းတစ်လျှောက်မှာ ရှိတဲ့ ရဲကင်းတိုင်း အရေးပေါ်ကား တစ်စီးစီ အသင့်အနေအထား ရှိနေတာကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေရဲ့ အသက်ကို အချိန်မီကယ်ဆယ်ရေးတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယာဉ်မတော်တဆမှုများတွင် ကိုယ်ပိုင်ယာဉ်များ အရှိန်မထိန်းနိုင်ရာမှ ယာဉ်ကြောတူ မောင်းနှင်သော ယာဉ်များကိုဝ၀င်တိုက်ကာ တိမ်းမှောက်ခဲ့မှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်မတော်တဆမှုများ ကျဆင်းစေရန် အမြန်လမ်းဘေး တစ်လျှောက်တွင် လမ်းဘေးအကာအရံများ ကာရံထားပြီး မိုင်နှုန်းတိုင်းတာစက်များ တပ်ဆင်ကာ သတ်မှတ်ကီလိုထက် ပိုမိုမောင်းနှင်သည့် ယာဉ်များကို အရေးယူမှုများ ဆောင်ရွက်နေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“အမြန်လမ်း တစ်လျှောက်မှာ အန္တရာယ်ရှိနိုင်တဲ့ လမ်းကြောတွေကို ကားမောင်းသူတွေ သတိထား မောင်းနှင်နိုင်အောင် နေ့ညအချက်ပြမီးတွေ တပ်ဆင်ပေးထားတယ်၊ သတ်မှတ်အလေးချိန်ထက် ပိုမိုတင်ဆောင်ပြီး မောင်းနှင်ရာက ယာဉ်တိမ်းမှောက်မှု အများဆုံး ဖြစ်ပွားနေတာကို တွေ့ရှိရလို့ ဒီဇင်ဘာလ ၅ ရက်နေ့ကစပြီး ကုန်ပစ္စည်းတွေ ပိုမိုတင်ဆောင် မောင်းနှင်တဲ့ ယာဉ်တွေကို အရေးယူ ဆောင်ရွက်နေပါပြီ” ဟု အမြန်လမ်း အင်ဂျင်နီယာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၀၉ ခုနှစ်တွင် အမြန်လမ်း စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ယာဉ်မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားလာမှုကြောင့် အမြန်လမ်းရဲတပ်ဖွဲ့ကို ၂၀၁၂ ခုနှစ် မေလပိုင်းက ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းဖွဲ့စည်းခဲ့ချိန်မှ စတင်ကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့အထိ ယာဉ်မတော်တဆမှုပေါင်း ၁၂၂၁ မှု ဖြစ်ပွားခဲ့ရာ လူ ၄၄၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၂၅၃၄ ဦး ရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

No comments: