Sunday, December 6, 2015

နိုင်ငံသား မဟုတ်သူ ၆၀၀၀ ကျော် မဲပေးခွင့်ပြုခဲ့သည်ဟုဆိုကာ သံတွဲတွင် ဆန္ဒပြ

နိုင်ငံသား မဟုတ်သူ ၆၀၀၀ ကျော် မဲပေးခွင့်ပြုခဲ့သည်ဟုဆိုကာ သံတွဲတွင် ဆန္ဒပြ
Sunday, December 6 , 2015

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ နိုင်ငံသား မဟုတ်သူ ၆၀၀၀ ကျော်အား ဆန္ဒမဲပေးခွင့် ပြုခဲ့သည်ဟုဆိုကာ အဖြစ်မှန်အား အမြန်ဆုံး စီစစ်ပေးရန် ဒီဇင်ဘာလ ၄ ရက်နေ့က သံတွဲမြို့နယ်မှ ဒေသခံများက ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြ တောင်းဆိုမှုကို စောစောကျင်းပရန် စီစဉ်ခဲ့သော်လည်း သံတွဲမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ၄င်းတို့၏ ပါတီ ထိခိုက်မည်ကို စိုးရိမ် နေသဖြင့် လူစု၍ မရခဲ့ကြောင်း၊ နောက်ပိုင်းတွင် မိမိတို့ ဒေသခံများမှ ဆန္ဒပြရမည့် အကြောင်းရင်းမှာ NLD ပါတီအား မုန်းတီးပြီး တိုက်ခိုက်လို၍ လုပ်ဆောင် ခြင်း မဟုတ်ကြောင်း၊ နိုင်ငံရေး မပါကြောင်း၊ အမျိုးသားရေးအတွက် နိုင်ငံသား မဟုတ်သူများ နိုင်ငံသား အခွင့်အရေးကို မတရား ရယူသွားသည့် အတွက် အဖြစ်မှန်ကို တာဝန်ရှိလူကြီးများမှ စီစစ်ပေးရန် တောင်းဆိုခြင်းမျိုးသာ ဖြစ်ကြောင်း ရှင်းပြနိုင်ခဲ့သဖြင့်အတွက် ယခုကဲ့သို့ ဆန္ဒပြပွဲ ဖြစ်လာရခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူများက ဧရာဝတီသို့ ပြောသည်။
သံတွဲမြို့ ရက္ခိတ သာကီ သွေးလှူရှင်အသင်းနှင့် လူမှုကူညီစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်းက“ကျနော်တို့က NLD ကို သဘောမကျလို့ မုန်း တီးလို့ မဟုတ်ဘူး။ ဒီမဲပေးခွင့်ရတဲ့ လူတွေဟာ အခုအချိန်ကတည်းက နိုင်ငံသား မဟုတ်ဘဲနဲ့ နိုင်ငံသား အခွင့်အရေးကို အပြည့်အ၀ ရနေလို့ရှိရင် နောင်
တချိန်မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အပါအ၀င် အရာအားလုံးကို ရယူနိုင်မယ်ဆိုရင် ကျနော်တို့တွေ နောင်ဒုက္ခအ၀၀နဲ့ ကြုံတွေ့ခံစားရမယ်”ဟု ပြောသည်။
ဆန္ဒပြသူများသည် သံတွဲမြို့အတွင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးရှေ့တွင် လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။
သံတွဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့်ပြုခဲ့သည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင်က နိုင်ငံသားကတ်ပြား မရှိလျှင်လည်း တိုင်းရင်းသားဖြစ်လျှင် မဲစာရင်းထဲတွင် ထည့်ပေးရန် ညွန်ကြားလာသည့်အတွက် ၄င်းတို့၏ အိမ်ထောင်စု စာရင်းအရ တိုင်းရင်းသားဖြစ်ကြောင်း တွေ့ရှိသဖြင့် မဲစာရင်းတွင် ထည့်ပေးခြင်း ဖြစ်ကြောင်း သံတွဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောသည်။
ဦးစိုးမြင့်က“ကျနော်တို့က နိုင်ငံသား မဟုတ်သူကို မဲပေးခွင့်ပေးခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံသား ကတ်ပြား မရှိသော်လည်း တိုင်းရင်းသား ဖြစ်လျှင် မဲစာရင်းထဲမှာ ထည့်ပေးပါဆိုလို့ ထည့်ပေးခြင်းသာ ဖြစ်ပါတယ်။ အဲဒီလူတွေရဲ့ အိမ်ထောင်စုထဲမှာလည်း ဘင်္ဂလီ ဆိုတာ မပါပါဘူး။ ရခိုင်- အစ္စလာမ် ဆိုပြီး ပါပါတယ်။ အဲဒါကို ကြည့်ပြီး ရပ်မိ ရပ်ဖ အထောက်အကူပြု ကော်မတီတွေနဲ့ တိုင်ပင်ပြီး မဲစာရင်းထဲမှာ ထည့်ပေးခဲ့တာပါ”ဟု ပြောသည်။
ယခု ဆန္ဒပြပွဲကို သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဆန္ဒပြပွဲတွင် လူအင်အား ၂၀၀ ခွင့်ပြုချက် ပေးခဲ့သော်လည်း ၀န်ရံသူများ စုပေါင်းရောက်ရှိလာသည့်အတွက် လူပိုများခဲ့ကြောင်း၊ အဖြစ်မှန်အား အမြန်ဆုံး စိစစ်ပေးနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန်လည်း ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

ဧရာဝတီ

No comments: