Thursday, December 3, 2015

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးမှုထက် ကာကွယ်ရေးဦးစီးချုပ်နှင့် ဆွေးနွေးမှုအား ပိုမိုစိတ်ဝင်စားဟု ဦးအေးသာအောင်ဆို ******************

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးမှုထက် ကာကွယ်ရေးဦးစီးချုပ်နှင့် ဆွေးနွေးမှုအား ပိုမိုစိတ်ဝင်စားဟု ဦးအေးသာအောင်ဆို
*************************************************************************
ခိုင်ခိုင် (မြစ်မခ) ရန်ကုန် - ဒီဇင်ဘာ(၃)ရက်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့(၂)ဦး တွေဆုံဆွေးနွေးမှုထက် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှု အား ပိုမိုစိတ်ဝင်စားကြောင်း ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်က  ဆိုသည်။

“တွေ့တဲ့အခါမှာ တွေ့ရုံသက်သက်၊ ဆွေးနွေးရုံသက်သက်နဲ့မပြီးဘဲ တကယ်ရေရှည်မှာ ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ နောင်တက်လာမယ့်အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အရေးကြီးပါတယ်။ ပြောရ မယ် ဆိုရင်တော့ ကျွန်တော်တို့တိုင်းပြည်မှာက ပြသနာတွေ စိန်ခေါ်မှုတွေကများပါတယ်။ ဒါတွေကို အားလုံးလက်တွဲ ပူးပေါင်းပြီးတော့ ဆောင်ရွက်မှ အဆင်ပြေမှာပါ။ အထူးသဖြင့်ကာကွယ်ရေး ဦးစီး ချုပ်က လက်ရှိဖွဲ့စည်းပုံအရ အတိုင်းအတာတစ်ခုအထိ လုပ်ပိုင်ခွင့်ရှိတယ်။ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးများကို လဲခန့်နိုင်တဲ့ အနေအထားမှာရှိတော့ နောင်တက် လာမယ့်အစိုးရနဲ့ လက်တွေ့မှာ ပူးပေါင်းဆောင်ရွက်ဖို့ အဓိက ကျပါတယ်။” ဟု ဦးအေးသာအောင်က ပြောသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သာ အပစ်ခတ်ရပ်စဲရန် NCA လက်မှတ် ရေးထိုးထားပြီးအဖွဲ့ ၁၃ ဖွဲ့ ကျန်ရှိသေးသည့်အတွက် လာမည့်အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေး ဆက်လက် ဆောင်ရွက်သည့် အချိန်တွင် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရာ၌ အာဏာလွှဲပြောင်းရုံ သက်သက်မဟုတ်ဘဲ ရေရှည်ပူးပေါင်း ဆောင်ရွက်ချက်များပါ ဆွေးနွေး၍ သဘောတူညီချက်များ ရရှိပါက ပိုမိုကောင်းမွန်မည်ဟု ထင်ကြောင်း ဆက်ပြောသည်။

“သမ္မတ ဦးသိန်းစိန်ရော ကာချုပ်ရော တကယ့်တိုင်းပြည်မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေဘဲ။ နှစ်ယောက် ကွာခြားချက်ကတော့ ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာ သမ္မတကတော့ ဆက်ဖြစ်ဖို့မရှိတော့ဘူး။ သူ့ အစိုးရ မဟုတ်တော့ဘူးဆိုတော့ သူကအပြင်ဖက်ကိုရောက်သွားတာပေါ့လေ။ တပ်မတော် ကတော့ ရှိနေမှာပေါ့။ ရှိနေတဲ့ခေါင်းဆောင်ကပိုပြေလည်ဖို့ ကောင်းတာပေါ့။ သူနဲ့ဆွေးနွေးပြီး နားလည်မှုရရှိပြီး တော့ သူတို့ နှစ်ယောက်အတူတူလုပ်ဆောင်သွားမယ် ဆိုရင်ပိုပြီးတော့ ကောင်းသွားတာပေါ့” ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဥက္ကဌ ဦးသုဝေက ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကိုအခြေခံပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း စာဖြင့် တွေ့ဆုံရန်တောင်းဆိုခဲ့ပြီး ဒီဇင်ဘာ၂ရက်နေ့တွင်နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

No comments: