Monday, December 7, 2015

ရွေးကောက်ပွဲရှုံးနိမ့်အပြီး ကြံ့ခိုင်ရေးပါတီ အောက်ခြေမှ ဗဟိုအထိ ပြန်လည်ဖွဲ့စည်းမည်ဟုဆို

ရွေးကောက်ပွဲရှုံးနိမ့်အပြီး ကြံ့ခိုင်ရေးပါတီ အောက်ခြေမှ ဗဟိုအထိ ပြန်လည်ဖွဲ့စည်းမည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆

အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီကို အောက်ခြေမှ ဗဟိုအဆင့်အထိ အမာခံပါတီဝင်များဖြင့် အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အဆိုပါပါတီဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းဆွေက The Voice သို့ပြောကြားသည်။

နိုဝင်ဘာ ၈ရက်က ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲအပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး ၎င်းက ယင်းသို့ပြောဆိုခြင်းဖြစ်သည်။

“ အန်ကယ်သိတာကတော့ဒီကိစ္စလုပ်ဖို့အစီစဉ်ရှိပါတယ်၊ လုပ်ရင်ဟိုးအောက်ခြေကနေအပေါ်အထိ တောက်လျှောက်လုပ်မှာပါ၊ဒါပေမယ့်ဘယ်အချိန်လုပ်မလဲမသိသေးဘူး၊ သိရင်ထုတ်ပြောမှာပါ”ဟု ၎င်းက ဆိုသည်။

ယင်းသို့ပါတီတွင်းပြင်ဆင်ဖွဲ့စည်းရာတွင်ရပ်။ ကျေး၊မြို့နယ်၊ ခရိုင်ပြည်နယ်၊တိုင်းအဆင့်ဆင့်ရှိ ပါတီဝင်များကို ပြန်လည်ရွေးချယ်ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ပါတီဗဟိုကိုလည်း ထပ်မံပြင်ဆင်ဖွဲ့စည်းရန် အစီအစဉ်ရှိကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီသည် ၂၀၁၀အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၈၈၂နေရာဖြင့် မဲဆန္ဒနယ်အများဆုံးအနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့စည်းခွင့်ရရှိခဲ့သောပါတီဖြစ်သည်။

သို့သော်လည်း နိုဝင်ဘာ၈ရက်က ပြုလုပ်သော၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက မဲဆန္ဒနယ်ပေါင်း ၈၈၆နေရာဖြင့် မဲဆန္ဒနယ်အများဆုံးအနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီကမူ မဲဆန္ဒနယ်ပေါင်း ၁၁၇နေရာသာ အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီသည် ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ ဩဂုတ် ၁၂ရက်ကလည်း ပါတီဥက္ကဋ္ဌ(ပူးတွဲတာဝန်)အဖြစ်တာဝန်ထမ်းဆောင်သူ သူရဦးရွှေမန်းအပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင်အချို့ကို မူလရာထူးမှ ဗဟိုကော်မတီနှင့် ပါတီဝင်အဆင့်အထိ ရာထူးအပြောင်းအလဲပြုလုပ်ခဲ့သည်။

No comments: