သို့
သမ္မတကြီးဦးသိန်းစိန်
ကျွန်တော် တရုတ်ပြည်နယ်စပ်
မူဆယ် ၊ ရွှေလီ(ယခင်မြန်မာပိုင်မြို့၊ယခုတရုတ်ပိုင်) မြို့
ကိုရောက်နေတာ ၂ပတ်ပြည့်ပါတော့မယ် ။
အကြောင်းက . . .
ရွှေလီကနေ မြန်မာပြည်အတွင်းသို့
တင်သွင်းမည့်ကုန်ပစ္စည်းများအတွက် (Custom Duty ) အခွန်ဆောင်ရန်အတွက်
ရောက်နေခြင်းဖြစ်ပါတယ် ။
ကျွန်တော်ရောက်ပြီး နောက်ရက်မှာ
သမ္မတကြီးရဲ့ ဗဟိုဘဏ်ဒုတိယ ဥက္ကဌ
ဦးဆက်အောင် က . .
'' မြန်မာငွေတန်ဖိုးကျနေတာ မြန်မာ့စီးပွားရေးဦးမော့လာလို့ ''
လို့ပြောလိုက်ပါတယ် ။
ကျွန်တော် နောက်နေ့မနက်အိပ်ယာထတော့
ရွှေလီမှာ တရုတ်ကုန်သည်တော်တော်များများအလုပ်ရှုပ်နေပါတယ်
အကြောင်းကိုမေးကြည့်တော့ . . . .
'' မြန်မာ့စီးပွားရေးဦးမော့လာ..ပြီဆို . . ကြောက်ရတယ်လေ . . .
မင်း '' တိုက်တန်းနစ် '' ရုပ်ရှင်ကားမကြည့်ဘူး ဘူးလားလို့ပြောပါတယ် ။
ရေထဲမမြုပ်ခင် အရင်ဆုံး ဦးမော့ တာပဲ ဦးမော့ပြီးရင် ရေထဲဆုံးဆုံးမြုပ်ပြီသာမှတ်တော့ ''
ပြောပါတယ် . . .
ပြီးတော့ . . .သမ္မတကြီးရဲ့လက်ကျန် ၄လ အတွင်းမြန်မာ့စီးပွားဟာ ဆုံးဆုံးမြုပ်မယ်
ဘယ်အစိုးရကမှ မင်းတို့တိုင်းပြည်အတွက် ဒေါ်လာ လိုလာရင်
အခုလို အစိုးရအကူးအပြောင်းမှာ မချေးတော့ဘူးလေ
နောက်အစိုးရကိုဘဲ တိုင်းပြည်တိုင်းက မျက်နှာလိုမျက်နှာရ
လုပ်မှာပေါ့ လက်ရှိအစိုးရကို ဘာအဖတ်လုပ်စရာလိုတော့လို့လဲ
နောက် ၄လ ကောင်းကောင်းနေ မနေတက်ရင်ခွက်ပျောက်မယ်
လို့လဲပြောပါတယ်
သူတို့ပြောတာတွေကျွန်တော်မယုံပါဘူး . .
သူတို့ပြောပြီးနောက်နေ့မှာ . . တရုတ်ငွေ ယွမ် နဲ့ ဒေါ်လာခုံတက်သွားပါတယ် ။
ဒါလဲကျွန်တော်မယုံသေးပါဘူး . . .
နောက်နေ့ ရန်ကုန်က ကျွန်တော့်အမေ
ကျွန်တော့ဆီဖုန်းဆက်ပါတယ်(အမေက ကျွန်တော့်ဆီတော်ရုံတန်ရုံဖုန်းမဆက်ပါ။)
အမေဖုန်းဆက်လို့ . . .ဘာဖြစ်တာလဲဆိုတော့
ကြက်သွန်နီတစ်ပိသာ ၄၀၀၀ ဘာလို့ဖြစ်တာလဲတဲ့ . . .?
ကျွန်တော်က ဒေါ်စု နဲ့ ဖိုးလပြည့် တွေ့တာပဲလူတွေက ရေးကြီးခွင်ကျယ် လုပ်နေတာ. . .
အမေ. . အရေ . .
သမ္မတကြီး နဲ့ ဘိုးဘိုးအောင် နေပြည်တော်မှာ နှစ်ယောက်ထဲတွေ့သွားတာ လူမသိလိုက်ဘူးလေ . . .လို့
ပြောတော့ . . .ကျွန်တော့အမေ စိတ်ပျက်သွားပုံရပြီးဖုန်းချသွားပါတယ်။
ဒါနဲ့ ရွှေလီဈေးထဲ ကြက်သွန်နီရှာပုံတော်ဖွင့်တော့ တစ်ပိသာ ၁၂၀၀ နဲ့ အလုံးအကြီး ကြီးတွေရပါတယ်။
အချိန်၂၀ ဝယ်ပြီး နီးစပ်ရာ Express ကားနဲ့ အမေ့ဆီအရောက်ပို့ပေးလိုက်ပါတယ် . . .
အခုဆိုအမေပျော်နေလောက်ပါပြီ သမ္မတကြီး . . .
ကျွန်တော် ရွှေလီဈေးထဲကြက်သွန်နီလိုက်ဝယ်နေတာကို တရုတ်ကုန်သည်တော်တော်များက
အားရပါးရရယ်နေကြပါတယ် . . .
ကျွန်တော်ကြက်သွန်နီအဝယ်ကောင်းနေတုံး ဒေါ်လာဈေးက ၁၃၀၀ ကျော်သွားပါတယ် ။
ဒီအချိန်မှာ သမ္မတကြီးရဲ့ ဗဟိုဘဏ်ဒုတိယ ဥက္ကဌ ဦးဆက်အောင် က . .
ထက်ပြောပြန်ပါတယ် . . .
'' ဒေါ်လာသုံးဆွဲမူကို လျှော့ချဖြစ်ရမယ် '' တဲ့
သမ္မတကြီး. . .ခင်ဗျား . . . ကျွန်တော် အမေ့အတွက် ရွှေလီဈေးထဲက ကြက်သွန်နီ အချိန်၂၀
ဝယ်တာ မြန်မာငွေပေးလို့မရပါဘူး . . .ဘာဖြစ်လို့လဲဆိုတာ
ဗဟိုဘဏ်ဒုတိယ ဥက္ကဌ ဦးဆက်အောင်ကို မေးပေးပါ သမ္မတကြီး . . . .။
ဦးဆက်အောင် ဒီစကားပြောပြီးနောက်နေ့ မှာ မြန်မာကုန်သည်အများစု ဗဟိုဘဏ်သတ်မှတ်ဈေး
၁၃၀၀ နဲ့ အခွန် (Custom Duty) မဆောင်နိုင်ဘူးဆိုပြီး . . .
အောက်လမ်း(တရားမဝင်ကုန်သွယ်မူလမ်းကြောင်း - သက်ဆိုင်ရာကို လမ်းကြောင်းခပေးဖြေရှင်း )
ကနေ ပစ္စည်းတွေအားလုံးစသွင်းပါတော့တယ် ။
ဒီနေ့ တနင်္ဂနွေမှာ ပစ္စည်းတွေအားလုံး ရန်ကုန်နဲ့ မန္တလေး ကိုရောက်ပြီဖြစ်လို့ မနက်ဖန် တနင်္လာနေ့ မှာ
ဈေးကွက်ထဲပစ္စည်းတွေရောက်လို့စရောင်းပါတော့မယ် ။
မူဆယ်မှာ တိုင်းပြည်အတွက်(သမ္မတကြီးရဲ့ လက်ကျန် ၄လ သက်တမ်းအစိုးရအသက်ရှူချောင်ဖို့အတွက် )
အမှန်အကန်အခွန်ဆောင်ပြီး တင်သွင်းဖို့ စောင့်နေတဲ့ ကုန်သည်တွေရှိနေပါတယ်
ထိုကုန်သည်တွေဟာ တိုင်းပြည်အပေါ် သစ္စာရှိကြပါတယ် . . .
ထိုကုန်သည်တွေဟာ တိုင်းပြည်အပေါ် စေတနာထားကြပါတယ် . . .
ထိုကုန်သည်တွေဟာ ရိုးသားဖြောင့်မတ်စွာစီပွားရှာလိုကြပါတယ် . . .
ဒါပေမဲ့
ထိုကုန်သည်တွေဟာ အောက်လမ်းက တင်သွင်းကြတဲ့ ကုန်သည်အချင်းချင်း
ကိုတော့ မယှဉ်နိုင်ကြပါဘူး . . .မယှဉ်ရဲတော့ပါဘူး . . . . . .
တစ်ကယ်တော့ အောက်လမ်းဆိုတာ ကျွန်တော်တို့ နိုင်ငံအတွက်
ထမင်းစားသလို ၊ ရေသောက်သလို လွယ်တဲ့ကိစ္စပါ . . .
သမ္မတကြီး . ..ကျွန်တော် ဒေါ်လာဈေးကြောင့် မူဆယ် မှာသောင်တင်နေပါတယ်
သမ္မတကြီး . ..ကျွန်တော် ဒေါ်လာဈေးကြောင့် (Custom Duty) အခွန်ဆောင်ရန် အခက်ကြုံနေပါတယ်
သမ္မတကြီး . ..ကျွန်တော် ဒေါ်လာဈေးကြောင့် မနက်ဖန် တနင်္လာနေ့ တစ်နေ့သာ စောင့်ကြည့်ဖို့အခွင့်ရေးရှိပါတော့တယ် ။
သမ္မတကြီး . ..ကျွန်တော် မိုးခါးရေ မသောက်ချင်ပါ
သမ္မတကြီး . ..ကျွန်တော် တိုင်းပြည်ပေါ်သစ္စာရှိချင်ပါတယ်
ဒါပေမဲ့ . . . .
ဝမ်းနည်းခြင်းများစွာဖြင့် . . .
(နောက်အစိုးရသစ်မှာ ဒီအဖြစ်တွေအိမ်မက်သာဖြစ်ပါစေ။)
Credit to Original Uploader
No comments:
Post a Comment