ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း၌ သေနတ်ပစ်ခတ်မှု ကျူးလွန်မှုဖြစ်ပွား
လော့စ်အိန်ဂျလစ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း ဆန်ဘားနာ ဒီနိုမြို့ လူမှုရေး ဝန်ဆောင်မှု စင်တာ အတွင်း ဒီဇင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် သေနတ် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ပစ်ခတ်မှု ကျူးလွန်သူ အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးအား အသေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆန်ဘားနာ ဒီနိုမြို့ ရဲတပ်ဖွဲ့အကြီးအကဲ ဂျာရတ် ဘာဂူအန် (Jarrod Burguan) က ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ကုန်းတွင်းပိုင်း ဒေသဆိုင်ရာ စင်တာ အတွင်း ရဲတပ်ဖွဲ့မှ ဖောက်ခွဲရေး ကိရိယာ အဖြစ် ယူဆရသည့် ပစ္စည်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ထိုအဆောက်အဦးအား ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။
အသေ ဖမ်းဆီးရမိသည့် ကျူးလွန်သူ နှစ်ဦးသည် ရိုင်ဖယ် သေနတ်များနှင့် လုပ်သေနတ်များ အား ကိုင်ဆောင်ထားကြောင်း သိရသည်။ ၄င်းတို့သည် အခင်းဖြစ်ပွားရာ နေရာနှင့် မိုင်များစွာ ဝေးသည့် လူနေ ဧရိယာ အတွင်း ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုအတွင်း ရဲအရာရှိ တစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်းသိရသည်။ပစ်ခတ်မှု ဖြစ်ပွားစဉ် အဆောက်အဦးအတွင်း ၌ လူရာပေါင်းများစွာ ရှိနေပြီး အများစုမှာ အပြင်သို့ ထွက်ပြေးလာနိုင်၍ ထိခိုက်မှု မရှိခဲ့ကြောင်းသိရသည်။ (Xinhua)
No comments:
Post a Comment