Saturday, August 13, 2016

အစိုးရတပ်နှင့် KIA ရှထူးဇွပ် တိုက်ပွဲ ပြင်းထန်


 


ကချင်ပြည်နယ် လီဒိုလမ်းမပေါ် ရှထူးဇွပ် (Shahtu Zup) ကျေးရွာအနီး မြန်မာအစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား သြဂုတ် ၁၃၊ ယနေ့ နံနက်ပိုင်း ၆ နာရီခန့်မှ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပါသည်။

ရွှေမှော်များရှိသည့် Shahtu Zup ကျေးရွာ အနောက်ဘက် ခ ဒ ဇွပ် (Hka Da Zup)၊ KIA တပ်ရင်း (၁၄) စခန်းများကို အစိုးရတပ်များ မိနစ် ၃၀ ကျော် အဆက်မပြတ် လက်နက်ကြီးများ ပစ်ခတ် ပြီးနောက် နှစ်ဖက် တိုက်ပွဲ ဖြစ်လာသည်ဟု ဒေသခံများ ဆိုပါသည်။

သြဂုတ် ၁၁ ရက်နေ့ KIA နောက်ဆုတ်ပေးသည့် Awng Len မှော်သို့ ၀င်လာသော အစိုးရတပ်များကို ယမန်နေ့ မွန်းလွဲပိုင်းမှာ တန်ပြန် တိုက်ခိုက်ခဲ့မှုကြောင့် ထိုနေရာမှ အစိုးရတပ်များ ပြန်ဆုတ်ကာ တကွဲတပြားစီ ဖြစ်သွားကြသည်ဟု KIA က ဆိုပါသည်။

ယမန်နေ့ က Lawa (လ၀ါး)-Dumbang (ဒွမ်ဘန်) ဘက်မှ အစိုးရတပ် အင်အား ၁၀၀ ကျော်သည် Shahtu Zup ကျေးရွာသို့ အင်အားဖြည့်လာပြီး ယနေ့ တိုက်ပွဲ ဖြစ်လာသည်။

သြဂုတ် ၃ ရက်မှ စပြီး ဟူးကောင်းချိုင့်ဝှမ်း ဒေသ၊ ဖားကန့်မြို့နယ် KIA တပ်ရင်း (၁၄) Shahtu Zup ရွှေမှော်များတွင် အစိုးရတပ်များ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် နေ့စဉ်လိုလို တိုက်ပွဲ ဖြစ်ပွားလာသည်။

Kachin News Group

No comments: