တရုတ်သင်္ဘော
ကုမ္ပဏီတစ်ခုသည် ယင်းပိုင် သင်္ဘော နှစ်စင်းနှင့် သင်္ဘောသား ၂၃ ဦးတို့အား
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ သင်္ဘောကျင်းတစ်ခုတွင် မေလ ကတည်းက
စွန့်ပစ်ထားခဲ့သည်ဟု ဒေသခံ ဗီယက်နမ်သတင်းဌာနတစ်ခု အင်္ဂါနေ့တွင်
ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသား ၁၀ ဦးနှင့် မြန်မာနိုင်ငံသား ၁၃ ဦး ပါ
သင်္ဘောသားများအား ကုမ္ပဏီက မေလ ကတည်းက အစားအစာနှင့် ရေများ ထပ်မံ
ထောက်ပံ့ခြင်းမရှိဘဲ လုပ်ခလစာများလည်း ပေးအပ်ခြင်းမရှိဟု
ဟိုင်ပေါင်ရေကြောင်း အာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ ဟောင်ဒိုင်ဂန်းက
ပြောကြားကြောင်း VnExpress သတင်းဌာနက ဖော်ပြသည်။
စွန့်ပစ်ခံထားရသည့်
သင်္ဘောနှစ်စင်းမှာ ဘီလိဇ်နိုင်ငံတွင်မှတ်ပုံတင်ထားသည့် ရှန်ဒါနှင့်
မွန်ဂိုလီးယားနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ယုံဝင်း ၁၈ တို့ဖြစ်ပြီး
ဗီယက်နမ် မြောက်ပိုင်း နမ်ထရူသင်္ဘောကျင်းတွင် ပြင်ဆင်မှုများ ပြုလုပ်ရန် မေ
၁၃ က ရောက်ရှိခဲ့ခြင်းဖြစ်သည်။
သင်္ဘောများအား
ပိုင်ဆိုင်သည့် တရုတ်ကုမ္ပဏီ ဂျမ်ဘိုစီနို ဖွံ့ဖြိုးရေး လီမိတက်က
ထိုစဉ်ကတည်းက သင်္ဘောများအား စွန့်ပစ်ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။
သင်္ဘောများနှင့်အတူ ကျန်နေသည့် သင်္ဘောသားများက နေရပ်ပြန်လိုပြီး လုပ်ခလစာများ
ပြန်လည်ရရှိလိုလျက်ရှိသည်။ ရေကြောင်းအာဏာပိုင်အဖွဲ့က သင်္ဘောသားများအား
အစားအစာများ ထောက်ပံ့ထားပြီး သင်္ဘောများကို ရေနှင့် လျှပ်စစ်မီး
ထောက်ပံ့ပေးထားရန် သင်္ဘောကျင်းအား တောင်းဆိုထားသည်။ ထိုကိစ္စရပ်နှင့် ပတ်သက်၍
မည်သို့ ဆက်လက် ဆောင်ရွက်ရမည်ကို ဆုံးဖြတ်ရန် ဗီယက်နမ် အမျိုးသား
ရေကြောင်းအာဏာပိုင်အဖွဲ့ထံ တင်ပြထားသည်ဟု ဆိုသည်။
KHTun
The Ladies News
No comments:
Post a Comment