Wednesday, August 17, 2016

တရုတ် လူ့အခွင့်ရေးလှုပ်ရှားသူများအား လွှတ်ပေးရန်နှင့် နယ်စပ်ဖြတ်ကျော် မြန်မာစစ်ဘေးရှောင်များအား ကုလမှ ကူညီနိုင်ရေး တရုတ်အစိုးရနှင့် ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်အား HRW တိုက်တွန်း

တရုတ်အစိုးရမှ ဖမ်းဆီးထိန်းသိမ်းထားသည့် နိုဘယ်ဆုရှင် လျူရှောက်ဘိုအပါအ၀င် လူ့အခွင့်ရေး လှုပ်ရှားသူများအား လွှတ်ပေးရန်နှင့် နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာစစ်ဘေးရှောင်များ အကူညီပေးနိုင်ရေးအတွက် ကုလအဖွဲ့အစည်းများအား ယူနန်ပြည်နယ်အတွင်း ၀င်ရောက်ခွင့်ပြုရေးတို့အတွက် တရုတ်အစိုးရအား တိုက်တွန်း ဆွေးနွေးရန် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား HRW လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ တိုက်တွန်းလိုက်သည်။
 
လူ့အခွင့်ရေး လှုပ်ရှားသူ စာရေးဆရာ ပါမောက္ခ လျူရှောက်ဘိုမှာ ၂၀၀၈ ခုနစ်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံနေရခြင်း ဖြစ်ပြီး ထောင်နှင့်ချီသည့် လူ့အခွင့်ရေး လှုပ်ရှားသူများမှာ တရုတ်အစိုးရမှ ဖမ်းဆီးထိန်းသိမ်း ထားခြင်းဖြစ်ပြီး အကျဉ်းထောင်များအတွင်းတွင် ရှိနေသည့်အတွက် ၂၀၁၅ ခုနစ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်အတွင်းတွင်လည်း အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများအကြား စိတ်ပျက်စရာဖြစ်ခဲ့ရသည်ဟု သြဂုတ် ၁၅ ရက်နေ့ ရက်စွဲဖြင့် HRW က ထုတ်ပြန်သည်။
 
တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာစစ်ဘေးရှောင်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ သွားရောက်ကြည်ရှုရန် စီစဉ်ခဲ့သော်လည်း တရုတ်အစိုးရမှ ခွင့်မပြုခဲ့ကြောင်း ထောင်နှင့်ချီသော ကချင်ဒုက္ခသည်များမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းတွင် ရှိနေသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
 
တရုတ် သတင်းမီဒီယာများတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ပတ်သက်၍ ရလဒ်ကောင်းများ ထွက်ပေါ်မည်ဟု မျှော်လင့်ထားကြောင်း ဖော်ပြနေကြပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးကို ချစ်၍ လက်တွေ့ဆန်သူဖြစ်ကြောင်း ကွန်မြူနစ်ပါတီ အာဘော် သတင်းဌာနဖြစ်သည့် ဂလိုဘယ်တိုင်မ်း သတင်းစာကလည်း
ဖော်ပြသည်။
 
The Ladies News

No comments: