Wednesday, August 17, 2016

တပ်မတော်အရာရှိ ပါဝင်သည့် လူငယ်အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ မကွေးတွင် ရုန်းရင်းဆန်ခတ်ဖြစ် ၊ အပြန်အလှန်အမှုဖွင့်ထား

တပ်မတော်အရာရှိတစ်ဦး အပါအ၀င် လူငယ်အဖွဲ့ နှင့် ရဲတပ်ဖွဲ့ဝင်အချို့ မကွေးမြို့တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်ခြောက်ချက်ပစ်၍ လူစုခွဲခဲ့ရကာ အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စစ်ဆေးနေပြီး အပြန်အလှန် အမှုဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။
 
“အခုအခြေအနေ အထိတော့ တပ်ကလည်း တပ်မ(၈၈)က တပ်ကြပ်ကြီး စာရေး ဒွေးရန်နိုင်က တရားလိုလုပ်ပြီး မြို့မစခန်းကို လာပြီးအမှုဖွင့်ထားတာ ရှိတယ် ၊ အဲ့ဒီအထိတော့ နောက်ဆုံး အခြေအနေရှိတယ် ၊ တပ်က သူတို့တိုင်ချက်နဲ့ ကျွန်တော်တို့ကို ပေးပို့ပြီး ၃၂၆ ၊ ၁၁၄ နဲ့ အမှုဖွင့်ထားတာ ရှိတယ်ခင်ဗျ၊ ကျွန်တော်တို့ ရဲအနေနဲ့တော့ စုံခုံဖွဲ့စစ်တာတော့ ရှိတယ်။ သူတို့တပ်အနေနဲ့တော့ မသိဘူး” ဟု မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ
တာဝန်ကျရဲအရာရှိက သြဂုတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက The Ladies သို့ပြောသည်။
 
မကွေးမြို့၊ ကန်သာ ၅ လမ်း၊ မြတ်မဉ္ဇူ ဘော်ဒါဆောင်ရှေ့တွင် သြဂုတ် ၁၅ ရက် နံနက် ၁ နာရီခန့်က ဗိုလ်ကြီးအဆင့်ရှိ တစ်မတော်အရာရှိတစ်ဦး တပ်ကြပ်ကြီးတစ်ဦး ၊ တပ်သားတစ်ဦး နှင့် အရပ်သားရှစ်ဦးပါဝင်သော လူငယ်အဖွဲ့နှင့် မကွေးမြို့မ ရဲစခန်းမှ ဒုရဲအုပ်ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် လေးဦးပါအဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးတို့ သေနတ်ဒဏ်ရာ ရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိုးကြိတ်ဒဏ်ရာ ရရှိခဲ့ကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုးကြိတ်ခံရသည့် ဒုရဲအုပ်က တရားလိုပြုလုပ် တိုင်တန်းထားခဲ့ပြီး၊ ပြည်သူ့ဝန်ထမ်းကို တာဝန်ထမ်းဆောင်ခြင်းမှ ဟန့်တားရန်အ ပြင်အထန် နာကျင်စေမှု ပုဒ်မ ၃၃၃ ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီးနောက် တပ်မတော် ဘက်မှ ပုဒ်မ ၃၂၆ ဖြင့် ပြန်လည် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
 
“ပစ်မှုခတ်မှုတွေတော့ ရှိတယ် ၊ ကျွန်တော်တို့ကလည်း အပေါ်ယံလောက်ပဲသိတယ်။ ရေဘေးဒုက္ခသည်တွေနဲ့ သွားပြီးတော့ လုပ်နေရတော့ တိတိကျကျတော့ မသိဘူး” ဟု မကွေးမြို့ မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးက ပြောသည်။
 
လူငယ်အဖွဲ့သည် မြတ်မဉ္ဇူ ဘော်ဒါဆောင်ရှေ့တွင် အော်ဟစ်သီချင်းဆိုနေစဉ် လှည့်ကင်းလှည့် သည့် ရဲတပ်ဖွဲ့က အိမ်ပြန်ရန် ပြောဆိုရာမှ ဗိုလ်ကြီးဆိုသူ မှ ၎င်းသည် အကြမ်းဖက် သင်တန်းဆင်းဖြစ်ကြောင်းနှင့် အမိန့်လာမပေးရန် တုံ့ပြန်ခဲ့သည်။ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်က မကွေးမြို့တပ်မ ၈၈ မှ တပ်မတော်အရာရှိ တစ်ဦး ထံ ဖုန်းဖြင့် အကြောင်း ကြားစဉ် ဗိုလ်ကြီးဆိုသူက ဖုန်းကိုဝင်လုပြီး သေနတ်ကိုပါ လုယူရန် ကြိုးစားလာသဖြင့် သေနတ်တစ်ချက် ဖောက်၍ ခြောက်လန့်စဉ် ၁၁ ဦးအဖွဲ့က ၀ိုင်းဝန်း တိုက်ခိုက်သောကြောင့် နောက်ထပ် သေနတ်ငါးချက်ပစ်ခဲ့ရာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
 
 
ဇော်မင်းထွန်း
The Ladies News

No comments: