Wednesday, August 17, 2016

မိတ်ကပ်ဖန်တီးရှင် ခင်စန်းဝင်းနှင့်တွေ့ဆုံခြင်း

ဓာတ်ပုံ- နစ်ကီ
အနုပညာလောကတွင် သာမက ပြင်ပပရိသတ်များကပါ ‘မကြီးစန်း’ဟု အားလုံးက ချစ်စနိုးခေါ်ကြသည့် မိတ်ကပ် ခင်စန်းဝင်း ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားသော ‘မကြီးစန်းနှင့် သူ၏ ချစ်သူများ’ ဗီဒီယိုဇာတ်ကား မကြာမီ ထွက်ရှိတော့မည်ဖြစ်သည်။ ယင်းဇာတ်ကား ရိုက်ကူးသည့် အချိန်ကတည်းက ပရိသတ်များ စိတ်ဝင်စားခဲ့ကြသလို ခင်စန်းဝင်း၏ သရုပ်ဆောင်မှုများလည်း ပီပြင်ကြောင်း ချီးကျူးခဲ့ကြသည်။ ထို့ကြောင့် မိတ်ကပ် ခင်စန်းဝင်းကို ယင်းဇာတ်ကား ရိုက်ကူးဖြစ်ခဲ့သည့် အကြောင်းအရာ အပါအဝင် ပရိသတ်များ စိတ်ဝင်စားသည့် ၎င်း၏ အချစ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

‘မကြီးစန်းနဲ့ သူ၏ ချစ်သူများ’ဗီဒီယိုကားလည်း ထွက်တော့မှာဆိုတော့ အဲဒီအပေါ်မှာ ရင်ခုန်မှုလေးကို ပြောပြပေးပါလား။
ရင်ခုန်တာတော့ မရှိပါဘူး။ မကြီးစန်းကို ဆရာဦးမြတ်ခိုင်က မဖြစ်မနေလုပ်ရမယ်ဆိုပြီး Command ပေးတော့ ကိုယ့်ဆရာသမား ဆိုတော့ ရိုသေတာရော၊ ကြောက်တာရောကြောင့် မဖြစ်မနေလုပ်လိုက်တဲ့ သဘောပါပဲ။ အဲဒီတော့ ကိုယ်လုပ်ထားတဲ့ လုပ်ရပ်တစ်ခု အပေါ်မှာ ပရိသတ်ဆိုတာတော့ နှစ်သက်တဲ့သူတွေရှိသလို မနှစ်သက်တဲ့လူလည်း ရှိမယ်။ မကြီးကတော့ ကြားကျကျ စဉ်းစားထားတယ်။ ရင်ဆိုင်ဖို့လည်း အဆင်သင့် ရှိပြီးသား။
ကိုယ်က ကလေးလည်း မဟုတ်တဲ့ အခါကျတော့ အရမ်းကြီး ရင်ခုန်တာမျိုးတွေ မရှိပါဘူး။
ဒီဇာတ်ကားကို ကြည့်ပြီးတဲ့လူတွေက မကြီးစန်းရဲ့ အမူအရာတွေ အပိုအလို မရှိဘူးလို့ ပြောကြတယ်။ ဒီဇာတ်ကား ရိုက်ကူးရတဲ့ သရုပ်ဆောင် အတွေ့အကြုံတွေလည်း မျှဝေပေးပါဦး။
သရုပ်ဆောင်တဲ့ အပေါ်ကတော့ ဆရာဦးမြတ်ခိုင်က သူလိုချင်တဲ့ အနေအထား ထိရောက်အောင် ကိုယ့်ကို နင်ဘယ်လောက်ထိလုပ်ပေး၊ ငိုတယ် ဆိုရင်လည်း မျက်ရည်ထပ်ကျဦး။ ဒီထက်ထပ် ကျရဦးမယ် ဆိုတာမျိုးတွေ ခိုင်း တယ်။ သူခိုင်းတဲ့အတိုင်း လုပ်ရတာပါပဲ။ တစ်ခါတလေ ကျတော့ ကိုယ်ငိုရတဲ့ အခန်းတွေက ကိုယ့်အတွက် အခက်အခဲဖြစ်တယ်။ ကိုယ်က အပြင်မှာလည်း သိပ်မျက်ရည်မကျ တတ်တဲ့သူ ဆိုတော့ အခက်အခဲပေါ့။ အဲဒါကိုတော့ ကြိုးစား လုပ်ကြည့်တာပေါ့။ လုပ်ကြည့်လို့ လုပ်လို့ရသွားတယ်။ အဲဒီလောက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး လုပ်နိုင်တယ်လို့ မထင်ထားဘူး။

ဒီဇာတ်ကားမှာကော မကြီးစန်းရဲ့ ဘဝအစိတ်အပိုင်း ဘယ်လောက် ရာခိုင်နှုန်းလောက် ပါတယ်လို့ ပြောလို့ရမလဲ။
အဲဒါကတော့ ဇာတ်ညွှန်းရေးဆရာ သူ့စိတ်ကူးနဲ့သူ ရေးထားတာလည်း ပါတယ်။ မကြီးရဲ့ ဇာတ်လမ်းကလည်း အပြင်မှာ ပရိသတ် တော်တော်များများ သိထားပြီးပြီ ဆိုတော့ အဲဒါကို အခြေခံပြီးရေးတယ်လို့ ပြောပါတယ်။ ဇာတ်ကား ပြန်ကြည့်ရင်တော့ ဘယ်အတိုင်းအတာအထိ ပါတယ်ဆိုတာ ပိုသိရမှာပေါ့။
မိတ်ကပ် ခင်စန်းဝင်းဆိုပြီး ဣနြေ္ဒ ရှိရှိ ရပ်တည်လာသူ တစ်ယောက် အနေနဲ့ အခုလို ဇာတ်ကားရိုက်တဲ့ အပေါ်မှာ ဝေဖန်မှုတွေ ရှိတာနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်လဲ။
ဝေဖန်တယ်၊ ကဲ့ရဲ့တယ်ဆိုတာက အမှန်တကယ်တော့ လူအချင်းချင်းအပေါ် စာနာစိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် အပေါ်မှာ ထားတဲ့ မေတ္တာတရားအပေါ်မှာ  လေးစားတယ် ဆိုရင်တော့ သိပ်အပြစ်မမြင်ဘူးပေါ့။
ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း၊ မိန်းမလျာ ဖြစ်ခြင်းအပေါ်မှာ အရမ်း Serious ဖြစ်တဲ့သူတွေကတော့ ဒီအပေါ်မှာ ချီးကျူးမှာတော့မဟုတ်ဘူး။ ဒါပေ မဲ့လည်း မကြီးတို့က လူမှန်းသိ တတ်စအရွယ်ကတည်းက မိန်းမ လျာတစ်ယောက်နဲ့ နေလာတဲ့ သက်တမ်း တစ်လျှောက်လုံးမှာ ဒီတိုက်ခိုက်မှုတွေက ခံလာရပြီးသား။ ကိုယ့်အတွက် သိပ်ပြီးမထူး ဆန်းတော့ဘူး။
ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာပြောတဲ့ ‘စပွန်ဆာဆိုတဲ့စကားက အရမ်းရိုင်းပါတယ်’ဆိုတဲ့ ဒိုင်ယာလော့ခ်ကကော ဇာတ်ညွှန်းထဲမှာ ပါတာလား။
ကိုယ့်ဟာကိုယ် ပြောတာပါ။ အဲဒီစကား ထည့်တာ ဘာလို့လဲဆိုတော့ လူတွေက မိန်းမလျာတစ် ယောက်နဲ့ ကြိုက်တဲ့ ယောက်ျားဆိုရင် စပွန်ဆာပေါ့။ လိုချင်တပ်မက်မှုတစ်ခုကြောင့် ချူစားချင်လို့၊ ပိုင်းလုံး လုပ်ချင်လို့လို့
မြင်ကြတယ်။ တကယ်တော့ မကြီးတွေ့ခဲ့တဲ့ ချစ်ခြင်းမေတ္တာမှာ အဲဒီလိုလူမျိုး မဟုတ်တဲ့အတွက် ကိုယ်ကိုယ် တိုင်ခံစားဖူးတော့ ဒီစပွန်ဆာဆိုတဲ့ စကားက အရမ်းရိုင်းတယ်။ ကိုယ် တွေနားထဲမှာလည်း ရိုင်းတယ်။ သူ့အတွက်လည်း ရိုင်းတယ်။ အဲဒီ ဟာလေးတစ်ခုကို မကြီးက ချစ်ခြင်းမေတ္တာနောက်ကမှ စေတနာ ပါလာမှာ။ ကိုယ်မချစ်တဲ့ လူတစ်ယောက်အပေါ်မှာ စေတနာရှိစရာ အကြောင်း မရှိဘူးလား။ အဲဒါလေး တစ်ခုပါ။
ပေါ်လွင်အောင်ပြော လိုက်တာပါ။
မကြီးစန်း ဇာတ်ကားတွေ ရိုက်တာကို ပရိသတ်တွေ စိတ်ဝင်စားကြတာ ဆိုတော့ ဒီဇာတ်ကားပြီးရင်ကော နောက်ထပ် ဇာတ်ကားတွေ ထပ်ရိုက်ဖြစ်ဦးမလား။
ဒီဟာက အမှန်တကယ် ဆိုရင်တော့ ဆရာဦးမြတ်ခိုင်ရိုက်တာက ဒုတိယမြောက်ကား။ ပထမကားက စိန်ဌေးဗီဒီယိုကနေ ကမ်းလှမ်းထားတဲ့ ကားရှိတယ်။ အဲဒီကားကျတော့ မကြီးနဲ့ မင်းသား တစ်လက်၊ ပထမတော့ မြင့်မြတ်နဲ့ မကြီးနဲ့ တွဲရိုက်ဖို့ ပြောထားပြီးသား။ မြင့်မြတ်က ကားရိုက် အရမ်းများတော့ ရိုက်ရက်မရတာ။ ဘာအဆင်မပြေလဲ မသိဘူး။ ရိုက်ရက်က ရွှေ့သွားတယ်။ ရွှေ့သွားတော့ ဒုတိယမြောက် ဝင်လာတဲ့ကားက အရင်ပရိသတ်ရှေ့
ရောက်သွားတာပေါ့။ သရုပ်ဆောင်က ဆက်မလုပ်ဘူး။ ဒါပဲရိုက်မှာ။ စိန်ဌေးက ပထမဆုံးကမ်းလှမ်းတဲ့ ကားဖြစ် တယ်။ ရိုက်ပေးမယ်ဆိုပြီး ကတိ ပေးထားတဲ့ အတွက် ရိုက်မယ်။ ဆရာဦးမြတ်ခိုင် ရိုက်တဲ့ကားကျတော့ ကိုယ့်ဆရာသမား ကိုယ်ရိုသေလေးစားရတဲ့၊ ကိုယ်ကြောက် ရတဲ့သူ ဖြစ်တဲ့အတွက် မဖြစ်မနေ လုပ်ရမှာဖြစ်တဲ့အတွက် လုပ်တယ်။ အဲဒီနှစ်ခုတော့ လုပ်တယ်။ တခြားနောက်ထပ် သိပ်လုပ်ဖြစ်ဖို့ အစီအစဉ်မရှိဘူး။ မကြီးက အရွယ်လည်းမငယ်ဘူး။ မကြီးနဲ့လိုက်တဲ့ ဇာတ်လမ်းတွေလည်း အများကြီး ရှိမှာ မဟုတ်ဘူး။ အဲဒီအတွက် ရိုက်ဖြစ်မှာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ရက်က မကြီးစန်းရဲ့ ၈၈ အရေးအခင်းတုန်းက လှုပ်ရှားမှု ဓာတ်ပုံလည်း တွေ့ရတာဆိုတော့ အဲဒီအချိန်ကို အခုပြန်တွေးရင် ဘယ်လိုအမှတ်တရတွေ ရှိလဲ။
အဲဒီအချိန်မှာတုန်းက မြန်မာ တစ်နိုင်ငံလုံး ပါကြတာ။ ဌာနဆိုင် ရာအဖွဲ့အစည်းတွေရော၊ လူမှုရေး အဖွဲ့အစည်းတွေရော၊ မကြီးစန်း တို့လို (အလှဖန်တီးရှင်များအဖွဲ့) အဖွဲ့အစည်းတွေရော အကုန်ပါ ကြတာ။ မကြီးစန်းတို့ အဖွဲ့အစည်းက အရေးအခင်းဖြစ်ပြီး သိပ်မကြာဘူး ပါတာ။ တခြားဌာနဆိုင်ရာ တွေကတော့ မကြီးစန်းတို့ထက် နောက်ကျတယ်။ အမှတ်တရ ဆိုတာကတော့ အစာငတ်ခံ ဆန္ဒပြတာတို့၊ ရှေ့ဆုံးကနေ အဲဒီအချိန် မှာ ကြောက်စိတ် မရှိဘဲ ပြည်သူ တွေနဲ့အတူတူ ကိုယ့်ဟာကိုယ် အခြောက်ဖြစ်တာ ကိုလည်း သိပ်သတိမရတော့ဘူး။ ကြောက်တာ မျိုး၊ နွဲ့တာမျိုး၊ စိုးရိမ်တာမျိုးလည်းမရှိဘူး။ ရဲရဲဝံ့ဝံ့နဲ့ အကုန်လုံး ချီတက်ကြတယ်။ အဲဒီအချိန်မှာ
သေနတ်တွေနဲ့ပစ်လို့ ပုန်းစရာရှိ တာပုန်း၊ ပြီးရင် ဆက်လျှောက်။ အဲဒါမျိုးတွေ လုပ်ခဲ့တယ်။ အဲဒီတုန်းက ငယ်သေးတယ်။ ၂၀ ကျော်လေးပဲ ရှိသေးတာ။
ဖေ့စ်ဘွတ်ခ်မှာလည်း အချိန်နဲ့တစ်ပြေးညီ လှုပ်ရှားမှုတွေ တင်ပေးတာတွေ့ရတော့ ဖေ့စ်ဘွတ်ခ်ကိုကော ဘယ်လို အချိန်ပေးပြီးသုံးဖြစ်လဲ။
အမှန်အတိုင်းပြောရရင် ဖေ့စ်ဘွတ်ခ်ကို အစက မသုံးတတ်ဘူး။ နောက်ပိုင်းမှ မကြီးရဲ့ Activities တွေတင်ရင် သုံးတယ်။ မကြီးပွဲတက်ရင် မကြီးရဲ့သူငယ်ချင်းတွေ  မကြီးရဲ့ပရိသတ်တွေ သူတို့ဟာ သူတို့ ဖွဲ့ထားတာတွေ ရှိတယ်။ မကြီးစန်းရဲ့ ချစ်သူများအဖွဲ့၊ မကြီးစန်းရဲ့ ပူတူတူလေးများအဖွဲ့ အဲဒီလို သုံးလေးဖွဲ့လောက် ရှိတယ်။ သူတို့ဟာ သူတို့ ဖွဲ့ထားတာ။ အဲဒီအဖွဲ့တွေက တစ်ခုခုဆို ကိုယ်ခံစားရင် လိုက်ခံစားပေးတယ်။ ပျော်ရင်လိုက်ပျော်
ပေးတယ်။ တစ်ခုခု ပွဲတက်တယ် ဆိုရင်လည်း မေတ္တာ နဲ့ Comment တွေ ပေးကြတာမျိုးတွေ ရှိတယ်။ အဲဒီအခါကျတော့ ပွဲသွားဖြစ်ရင် ပုံတင်တာမျိုး ရှိတယ်။ တခြား Activities ရှိရင် တင်ဖြစ်တာမျိုး ရှိတယ်။ ဒါပေမဲ့ အချိန်ပြည့်ကြီး သုံးတာမျိုး၊ မဖြစ်မနေ သုံးတာမျိုး ဆိုတာတော့ မကြီးမှာ မရှိဘူး။ များသောအားဖြင့် အိပ်ခါနီး သုံးဖြစ်ရင် သုံးဖြစ်မယ်။ အလုပ်လုပ်နေရင်း နောက်တစ်ခုခု မလုပ်ခင် စောင့်ရတဲ့အချိန်မှာ သုံးဖြစ်တာမျိုး ရှိတယ်။ အဲဒီလိုပဲ သုံးဖြစ်တယ်။ တခြားအတွက် ကတော့ သိပ်မသုံးဖြစ်ဘူး။
မြန်မာနိုင်ငံမှာက မိန်းမလျာတွေ ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ များတာ ဆိုတော့ မကြီးစန်းရဲ့ ချစ်ခြင်းမေတ္တာကိုကော ဘယ်လို အဓိပ္ပာယ်ဖွင့်ချင်လဲ။
မကြီးတို့က မိန်းမစိတ်ပေါက်တဲ့အတွက် ကိုယ်ခန္ဓာက မိန်းမမဟုတ်ပေမယ့်လည်း ရင်ထဲက စိတ်ဆန္ဒကတော့ မိန်းမတစ် ယောက်ရဲ့ စိတ်ဆန္ဒလိုပဲ တည်ရှိနေတာပေါ့။ ပြီးရင် မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ အတိုင်း ရှိနေတာပေါ့။ မကြီးတို့က တစ်ခု ပိုတာက မိန်းမ မဟုတ်တဲ့အတွက် ကိုယ်ချစ်တဲ့ ယောက်ျားလေးတစ်ယောက် အပေါ်မှာ မိန်းမတစ်ယောက်ကတော့ ငါမိန်းမဆိုတဲ့ မာန်မာနနဲ့ သူ့ရဲ့ဂုဏ်အတွက် သူက ခပ်တင်းတင်း ရပ်တည်နိုင်မှု ရှိတယ်။ မကြီးတို့ကျတော့ မိန်းမ အစစ် မဟုတ်တဲ့အခါကျတော့ အဲဒီ အားနည်းချက် တစ်ခုအပေါ်မှာ ယောက်ျားလေးတစ်ယောက် အပေါ် ပိုချစ်ပြရတယ်။ ပိုဂရုစိုက်ရတာ ရှိတယ်။ အဲဒီအခါမှာ ကိုယ်ချစ်တဲ့ လူတစ်ယောက်ကို အောင်မြင်စေချင်တယ်။ တိုးတက်စေချင်တယ်။ သူ့ဘဝတစ်ခု သာယာလှပစေချင်တယ်။ ယောက်ျားလေး တစ်ယောက်ကို မကြီးတို့က ချစ်ပြီဆိုရင် ကိုယ့်မောင်လေးတစ်ယောက် လိုလည်း ချစ်တယ်။ ကိုယ်မွေး ထားတဲ့ သားလေး တစ်ယောက်လိုလည်း ချစ်တယ်။ ကိုယ့်ချစ်သူ တစ်ယောက်လိုလည်း ချစ်တယ်။ နည်းမျိုးစုံ ချစ်ရတာပေါ့လေ။ အဲဒီတော့ မကြီးတို့ရဲ့ ချစ်ခြင်းမေတ္တာက မိန်းမတစ်ယောက် ထက်စာရင် ပိုပြီးကြီးမားပါတယ်။
မကြီးစန်းကို အားပေးနေတဲ့ ပရိသတ်တွေအတွက် အမှတ်တရ စကားလေး ပြောပေးပါဦး။
မကြီးကတော့ မကြီးကို ချစ်ခြင်းမေတ္တာနဲ့ ကရုဏာသက်ပြီး မကြီးရဲ့ ဇာတ်ကားကို ကြည့်ကြတယ်။ မကြီးတင်တဲ့ ပို့စ်တွေကို ဖတ်ကြတယ်။ ပြီးရင် Comment တွေပေးကြတယ်။ ဒါကတော့ ချစ်ခင်တဲ့သူတစ်ယောက်အပေါ်မှာ လုပ်ပေးတဲ့ သူတို့ရဲ့ တာဝန်ဝတ္တရားတွေပေါ့။ အဲဒီအပေါ်မှာ ကျေးဇူးတင်တယ်။ မကြီးကို မင်းသမီးလည်း မဟုတ်ဘဲ သာမန်မိတ်ကပ် ပညာရှင်တစ်ယောက်ကို ချစ်ခင်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

No comments: