Wednesday, August 17, 2016

ရေဘေးသင့်လယ်သမားများ၏ အနာဂတ်

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှ ရေမြုပ်လယ်ယာများကို ပြသနေသော လယ်သမားတစ်ဦး ဓာတ်ပုံ-အောင်သစ်လွင်
ခါးလယ်အထိ ရေမြုပ်နေသော လယ်ကွင်းပြင်ထဲတွင် အသက် (၅၀)ခန့်အရွယ် ဒေါ်မြစိန် တစ်ယောက် ထွန်ခြစ်ကို ကိုင်လျက် အလုပ်များနေသည်။ တံစဉ်တစ်ချောင်းကို ခါးတွင် ထိုးထားလျက် လက်နှစ်ဖက်က အမှိုက်သိမ်းသည့်
ထွန်ခြစ်ကို ကိုင်ကာ စပါးခင်းများအပေါ် မျောလာသော အမှိုက်သရိုက်များကို ဆွဲယူနေခြင်း ဖြစ်သည်။ မိုးဖွဲဖွဲကျနေသော်လည်း ဒေါ်မြစိန်၏ မျက်နှာပေါ်တွင် ချွေးများ စီးကျနေသည်။

ရေမြုပ်လုဖြစ်နေသော စပါးခင်းအပေါ် မျောလာသည့် မြက်တိုမြက်စများ ရောထွေးနေသော အမှိုက်ပုံများကို ကျောင်းကုန်းမြို့နယ် လူသန့်ချောင်ကျေးရွာနေ ဒေါ်မြစိန်က ရှင်းလင်းနေခြင်း ဖြစ်သည်။ လယ်မြေနှစ်ဧကသာ ပိုင်ဆိုင်ပြီး ရေမြုပ်နေသည်မှာ ၁၀ ရက် ကျော်လာပြီ ဖြစ်သော စပါးပင်များ အသက် ဆက်ရှင်နိုင်ရေး မျှော်လင့်ချက်ဖြင့် အမှိုက်များကို ဖယ်ရှားနေခြင်း ဖြစ်သည်။
‘‘လုံးဝ မြုပ်သွားတာ မဟုတ်သေးတော့ စပါးပင်လေးတွေ အသက်ရှူသေးတယ် ဆိုရမှာပေါ့။ ဆိုးဆိုးရွားရွား ရေမြုပ်နေတဲ့ လယ်ကွင်းတွေ ဘက်ကနေ မျောလာတဲ့ အမှိုက်တွေ လာပိနေတော့ အသက်သေ သွားမှာစိုးလို့ ဒီလိုစောင့်ပြီး ရှင်းပေးနေတာ။ တစ်မနက်လုံး လက်မလည်သေးဘူး’’ဟု ဒေါ်မြစိန်က ပြောသည်။
ပင်လယ်ရေ ပြန်မကျသေး သည့် အခြေအနေမှာပင် ဧရာဝတီ နှင့် ငဝန်မြစ်ရေ တိုးလာခြင်း ကြောင့် ဧရာဝတီတိုင်းဒေသကြီး အောက်ပိုင်းဒေသများ ရေဘေးရင်ဆိုင်နေရသကဲ့သို့ စပါးပင်များ လည်း ရေကြီးနစ်မြုပ်နေသည်။ ယခင်နှစ်များထက် ရေတက်ချိန် ကြာမြင့်နေသောကြောင့် စပါးခင်း များပျက်စီးရန် ရာခိုင်နှုန်းများနေ ပြီဖြစ်ကြောင်း တောင်သူများက ညည်းတွားနေကြသည်။
ကျုံပျော်မြို့နယ် စွန်ပါကျေးရွာနေ တောင်သူ ဦးမောင်မောင်ဌေးက ‘‘ရေက ထင်တာထက် ပိုတက်လာတာကို ဒီအတိုင်းပဲ ကြောင်တောင် ကြည့်နေရတယ်။ ဒီနှစ် စပါးတွေ အရမ်းကောင်းခါမှ  အခုလိုဖြစ်ကုန်တော့ ကျွန်တော်တို့
အတော် အကျပ်ရိုက်နေတယ်။ ဒီတစ်ခွင် တစ်ပြင်လုံး ပြန်ကောင်းဖို့ မဖြစ်နိုင်တော့ဘူး’’ဟု မျက်စိ တစ်ဆုံးအထိ ရေမြုပ်နေသော လယ်ကွင်းများကို လက်ညှိုးထိုးပြရင်း ညည်းညူလေသည်။
ကျုံကျော်မြို့နယ် အပါအဝင် အနီးဝန်းကျင် မြို့နယ်များဖြစ်သော သာပေါင်း၊ ကျောင်းကုန်း၊ အသုတ်နှင့် ရေကြည်မြို့နယ်များမှ လယ်မြေများမှာ ယခုနှစ် မိုးတွင်းမှာပင် နှစ်ကြိမ်မြောက် ရေနစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ မိုးဦးကာလ မေလနှင့် ဇွန်လက ရေကြီးနစ်မြုပ်မှုမှာ မြေနိမ့်ပိုင်းဒေသမှ စပါးခင်းများ ပျက်စီးခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်မှာမူ တောင်သူများ အတွက် ပို၍ အထိနာစေခဲ့သည်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း တစ်ကြိမ်မျှ မမြုပ်ဖူးသည့် ကုန်းမြင့်နေရာများမှ လယ်မြေများတွင်ပါ ပင်လယ်ရေပြင်အလား ရေက ပေါင်းလန်နေသည်။ တောသူ
တောင်သားများပီပီ လတ်တလော စားဝတ်နေရေးကို ကြုံသလို ဖြေရှင်း၍ နေနိုင်သော်လည်း ၎င်း တို့ကို အကျပ်ရိုက်စေမည့် ပြဿနာ တစ်ခုအတွက် တွေးပူနေကြ သည်။ စပါးပေါ်ချိန် နွားမဝယ်ရ၍ စိတ်ညစ်ခြင်းမဟုတ်။ ရည်ရွယ်
ထားသော သားဖြစ်သူ ရှင်ပြုအလှူ မလုပ်နိုင်၍ စိတ်ပျက်ခြင်း မဟုတ်။ အစိုးရဆီမှ ချေးယူထားသော အကြွေး သတ်မှတ်ထားသည့် ကာလအတွင်း ပြန်မဆပ်နိုင်မည့် အရေးကို တွေးပူနေကြသည်။
‘‘အစိုးရငွေကြေးပဲ အရေးကြီးတယ်။ အဲဒါကျေဖို့ပဲ အရေးကြီးတယ်။ ကျန်တဲ့ ကိုယ့်အိမ်အတွက် စရိတ်ဘာညာ အသာထား။ ဘဏ်ဘာညာက အရေးကြီးတာ။ ကိုယ့်ဝမ်းထဲမှာတော့ အဲဒါပဲ ပိုက်ထားတာပေါ့နော်။ ကျန်တဲ့ကြွေး ကတော့ကိုယ့်ဘာသာ ကိုယ်ထိန်းပြီး ဆပ်သွားလို့ရတယ်’’ဟု ကျုံပျော်မြို့နယ် ရွာသစ်ကုန်း ကျေးရွာနေ တောင်သူဦးကျော်ဌေးက ပြောသည်။
တောင်သူ တစ်ဦးလျှင် မိုးစပါးအတွက် အစိုးရထံမှ တစ်ဧက ကျပ်တစ်သိန်းခွဲ ချေးယူထားပြီး အချို့တောင်သူများသည် ဧက ၂၀၊ ၃၀ အတွက် ချေးယူထားကြ သည်။ လယ်မြေအားလုံး ပျက်စီးသွားသည့် တောင်သူများလည်း ရှိနေ၍ လက်ရှိ ရေဘေးကြောင့် လယ်တစ်ဧကလျှင် ငွေကျပ်ငါးသိန်းခန့် ဆုံးရှုံးသွားပြီး ပြန်စိုက်ချိန်၌ စိုက်ပျိုးစရိတ်၊ သီးနှံစရိတ်နှင့် အလုပ်သမားစရိတ်များပါ ထပ်မံ သုံးစွဲရမည် ဖြစ်သည်။ ရေဘေးကြောင့် လတ်တလော စားဝတ်နေရေး အကျပ်အတည်း ဖြစ်နေချိန် တွင် ပြန်ဆပ်ရမည့် အနာဂတ် ကြွေးမြီအတွက် တွေးပူနေကြသည်။
ရေဘေးသင့် တောင်သူများတွင် မျှော်လင့်ချက် တစ်ခု ကြီးကြီးမားမား ရှိနေသည်။ သဘာဝဘေးကို နှစ်စဉ်လိုလို အနည်းနှင့် အများ ရင်ဆိုင်နေကြသည့် တောင်သူများ အနေဖြင့် ၎င်းတို့ ရွေးချယ်ခဲ့သည့် အစိုးရသစ်က ၎င်းတို့၏
အခက်အခဲကို မျက်ကွယ်ပြုမည် မဟုတ်ဟု ယုံကြည်နေကြသည်။
‘‘ပထမတုန်း ကတော့ စပါးပြီး ပဲစိုက် လို့ရတော့ နှစ်သီးစားပေါ့။ အခုကတော့ ပဲကိုပဲ မျှော်ရတော့မယ်။ ဒါကို အစိုးရကလည်း နားလည်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့လည်း အပြောင်းအလဲ ဖြစ်ချင်လို့ မဲပေး ရွေးချယ် ခဲ့တာပဲ။ကျွန်တော်တို့ တောင်သူတွေကို မျက်နှာလွှဲ ခဲပစ်တော့ လုပ်မယ် မထင်ပါဘူး။ အမြန်ဆုံးပဲ စိတ်သက်သာရာ ရချင်ပါပြီ’’ဟု ကျုံပျော်မြို့ နယ် စွန်ပါကျေးရွာမှ လယ်နှစ်ဧက ပျက်စီးခဲ့သူ ကိုထွေးက ပြောသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ပျက်စီး လယ်ဧကစာရင်းကို လတ်တလော အခြေအနေတွင် စာရင်း ကောက်ယူနိုင်ခြင်း မရှိသေးဘဲ ရေကျသည်နှင့် တစ်ပြိုင်နက် လယ်ယာမြေများ ပြန်လည် ထူထောင်ရေး အပိုင်း စတင်မည် ဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးမျိုးတင်ထွန်းက ပြောသည်။
‘‘ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ မျိုးစပါး အဓိကပေါ့။ နောက်ပြီးတော့ လိုအပ်တဲ့ နည်းပညာတွေ ဝိုင်းကူပေးမှာပါ။ အခုက ရေက ပြန်မကျသေးတော့ ဘယ်လောက်အထိ ပျက်စီးတယ် ဆိုတာ မသိသေးတော့ ခဏတော့
စောင့်ရမှာပေါ့’’ဟု ဦးမျိုးတင်ထွန်းက ပြောသည်။
ပျက်စီး လယ်ဧကစာရင်းကို သိရှိသည်နှင့် တစ်ပြိုင်နက် ဧရာဝတီတိုင်းဒေသကြီး အတွင်း သိုလှောင်ထားသော မျိုးစပါးအပြင် လိုအပ်ချက် ရှိပါက အခြားတိုင်းဒေသကြီးမှ မျိုးစပါးကိုပါ ခွဲဝေအသုံး ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ချေးငွေနှင့် ပတ်သက်၍လည်း သဘာဝဘေးကြုံခဲ့သော နှစ်ကာလများ၏ အတွေ့အကြုံအရ ချေးငွေဆိုင်းငံ့ကာလ တိုးပေးသည့် ဖြစ်စဉ်များ ရှိခဲ့၍ အစိုးရနှင့် တောင်သူများ အကြား အဖြေတစ်ခု ရှိနိုင်ကြောင်း ဆိုသည်။
တောင်သူများအနေဖြင့် ဒေသတွင်း အုပ်ချုပ်ရေးပိုင်းနှင့် ချိတ်ဆက်ကာ ပျက်စီး လယ်ဧကစာရင်း ပေးပို့နိုင်ရန် လိုအပ်မည် ဖြစ်သည်။
 ပျက်စီး လယ်ဧကများ အတွက် အစိုးရက ကူညီထောက်ပံ့မှု ပေးရာတွင် ယခင် အစိုးရခေတ် အတွေ့အကြုံများအရ အလုပ်မဖြစ်ခဲ့ကြောင်း တောင်သူများက သတင်းစကားပါးသည်။ ပျက်စီး လယ်မြေများကို စာရင်း
ကောက်ယူရာတွင်စာရင်း မတိကျခြင်းနှင့် မျိုးစပါးပေးရာ၌ နောက်ကျခြင်းများ ဖြစ်ပွားခဲ့သောကြောင့် လက်ရှိ အစိုးရအနေဖြင့် အကောင်းဆုံး စီမံခန့်ခွဲနိုင်ရန် ပြင်ဆင် ထားသင့်ကြောင်း တောင်သူများက ဆိုသည်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ရေကြီး နစ်မြုပ်ခဲ့သော လယ်မြေများ၏ ပြဿနာ အဖြေရှာရန် တိုင်းဒေသကြီးအစိုးရက အစည်းအဝေး ပြုလုပ်မည် ဖြစ်ပြီး ပြည်ထောင်စုအဆင့် အစည်းအဝေး၌ တင်ပြမည်ဖြစ်ကြောင်းပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒေသများသို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်စဉ်က ပြောကြား သွားသောစကား တစ်ခွန်းကို ဒေသခံတောင်သူများက စွဲစွဲမြဲမြဲ မှတ်သားထားသည်။ ဒုသမ္မတက ရေဘေးကာလအလွန်ပြန်လည်ထူထောင်ရေးကို စနစ်တကျ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘ကျွန်တော်တို့လည်း သတင်းတွေထဲက ကြားရတာပေါ့။ ရေဒီယိုထဲကနေ ပြန်လည် ထူထောင်ရေး အပိုင်းမှာ ကျွန်တော်တို့ လယ်မြေတွေကိုလည်း တကယ့်ကို ထိရောက်တဲ့ ထောက်ပံ့ ကူညီမှုမျိုး ဖြစ်လာပါစေ လို့ပဲ။ ဒါဆိုရင်
ကျွန်တော်တို့ အသက်ရှူချောင်မှာပါ’’ ဟု ကျုံပျော်မြို့နယ် မကျည်းကုန်း ကျေးရွာနေ တောင်သူဦးစစ်သန်းက ပြောသည်။

No comments: