Sunday, August 14, 2016

ဆင်းရဲနွမ်းပါးသူများကို နော်ဝေဖောင်ဒေးရှင်း ကန်ဒေါ်လာနှစ်သန်း ကူညီမည်


ရန်ကုန်၊ သြဂုတ် ၁၃
မြန်မာနိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးသူများ၏ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန်အတွက် နော်ဝေနိုင်ငံအခြေစိုက် Stromme Foundation က အမေရိကန်ဒေါ်လာ နှစ်သန်းကူညီမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ယင်းသို့ ကူညီမည့်ကိစ္စနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို သြဂုတ် ၁၂ ရက်က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ကြောင်း အဆိုပါဌာနထံမှသိရသည်။

ယင်းစီမံကိန်းကို ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ သုံးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကနဦးအနေနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ဆင်းရဲနွမ်းပါးသည့် မိသားစုသုံးထောင်ကို အသက်မွေးဝမ်း ကျောင်းပညာနှင့် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

"ဒီစီမံကိန်းက အသက်မွေးဝမ်း ကျောင်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မယ့်စီမံကိန်းပါ"ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောဆိုသည်။

လူထုအခြေပြုအစိုးရဖြစ်လာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးကာ ဆင်းရဲနွမ်းပါးမှုများ လျှော့ချရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး လူမှုစီးပွားဘ၀များ  ပိုမိုတိုးတက်လာစေရန် နှစ်နိုင်ငံပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး Stromme Foundation သည် နိုင်ငံပေါင်း ၁၄ နိုင်ငံရှိ လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း အဆိုပါဝန်ကြီး ဌာနထံမှ သိရသည်။

No comments: