Thursday, August 18, 2016

လာဘ်ငွေ နှစ်သိန်းတောင်းယူသည့် မိတ္ထီလာမြို့မ ရဲစခန်းမှူးနှင့် ရဲအုပ်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆို အရေးယူ

မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေး ဆင်စလွယ် ကျေးရွာ ရှိ အောင်ကောင်းပြည့် စက်သုံးဆီအရောင်းဆိုင်၌ မေ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် မီးချောင်းကျွမ်း နေသဖြင့် ဆိုင်ဝန်ထမ်း မောင်ဖြိုး(ခ) ပြည့်ဖြိုးက အသစ် လဲလှယ်တပ်ဆင်ရာမှ ဓာတ်လိုက် သေဆုံးသွားခဲ့ကြောင်း၊ ယင်းကိစ္စကို မိတ္ထီလာမြို့မရဲစခန်းမှ စခန်းမှူး သိန်းဟန် နှင့်အဖွဲ့က လာရောက် စစ်ဆေးပြီးနောက် စက်သုံး ဆီဆိုင်ပိုင်ရှင် ဦးအောင်ဝင်းအား ရဲစခန်းသို့ လာရောက်ရန် အကြောင်းကြားသဖြင့် သွားရောက်ခဲ့ရာ ရဲအုပ်ဇော်ဝေ ကျော်မှတစ်ဆင့် ငွေကျပ်နှစ်သိန်းပေးရန် တောင်းကြောင်း၊ ဆိုင်ပိုင်ရှင် ဦးအောင်ဝင်းက နောက်ရက်မှပေးမည်ပြော သည်ကို စခန်းမှူးက လက်မခံဘဲ ဒီညဖြစ်အောင်ပေးရန် ရင့်သီးစွာပြောဆိုသဖြင့် မိတ်ဆွေ တစ်ဦးထံမှ ငွေချေးယူ ကာ ယင်းနေ့ ည ၉ နာရီတွင် သက်သေ သုံးဦးနှင့် အတူ ငွေကျပ်နှစ်သိန်းသွားရောက် ပေးအပ်ခဲ့ကြောင်း၊ စခန်းမှူး ကိုယ်စား ရဲအုပ်ဇော်ဝေကျော်က လက်ခံခဲ့သည်ကို ဆိုင် ပိုင်ရှင် ဦးအောင်ဝင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ ဇွန် ၇ ရက် နေ့စွဲပါစာဖြင့် တိုင်ကြားခဲ့သည်။
 
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တိုင်ကြားသည့် အတိုင်း မှန်ကန်ကြောင်း စစ်ဆေးပေါ်ပေါက်၍ မိတ္ထီလာ မြို့မရဲစခန်းမှူး သိန်းဟန်ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်တွင် သြဂုတ် ၁၆ ရက်ကလည်းကောင်း၊ ရဲအုပ်ဇော်ဝေကျော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၇ အရ မိတ္ထီလာမြို့နယ် တရားရုံးတွင် သြဂုတ် ၁၇ ရက်က လည်းကောင်း အသီးသီး တရားစွဲဆို အရေးယူထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။
 
Ref : MOI
The Ladies News

No comments: