မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
(MPT)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပညာရေးကွန်ရက်တို့
ပူးပေါင်းကာ အခွင့်အလမ်းနည်းပါး သည့် ကျောင်းသားလူငယ်များ အတွက် အကျိုးပြု
လူမှုရေးလုပ်ငန်းဖြစ်သည့် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ကို
စတင်လိုက်ပြီဖြစ်ကြောင်း သြဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
နယ်မြို့များ၊
မြို့ပြဆင်ခြေဖုံးဒေသ ရပ်ကွက်များရှိ
ကျောင်းသားလူငယ်အများစုမှာကွန်ပျူတာနှင့် ပတ်သက်သည့် အခြေခံအသိပညာများကို
စာသင်ကျောင်းများတွင် မသင်ကြားခဲ့ရဘဲ ယင်း၏ နောက်ဆက်တွဲအဖြစ် အလုပ်အကိုင်
ကောင်းများရရှိရန် အခွင့်အလမ်း နည်းပါးလေ့ရှိကြရရာ ဥပမာအနေဖြင့် ယနေ့ခေတ်
အလုပ်နေရာ အများအပြားအတွက် မဖြစ်မနေတတ်မြောက်ထားရမည့် Microsoft Software
Package များကို နားလည်သိရှိထားရမည် ဖြစ်သော်လည်း သင်ယူတတ်မြောက်ထားခြင်း
မရှိသည့်အခါ နည်းပညာနှင့် ပိုမိုယဉ်ပါးနေသည့် သက်တူရွယ်တူ လူငယ်များနှင့်
ယှဉ်ပါက အလုပ်အကိုင် အခွင့်အလမ်းများ လက်လွှတ်ရမည့် အနေအထားတွင်
ရှိနေကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသည်
အနာဂတ် လူငယ်များထံ နည်းပညာနှင့် ပညာရေးအခွင့်အလမ်းများ ထောက်ပံ့ပေးရန်
ရည်ရွယ်သည့် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်မှာ
မြို့ပြနှင့်အလှမ်းဝေးသည့် နေရာဒေသများမှ လူငယ်လူရွယ်များကိုပါ ပညာရေးတွင်
နောက်ကျမကျန်ရစ်ခဲ့စေရန် ရည်ရွယ်ကြောင်း သိရသည်။
အစီအစဉ်အရ
လက်ရှိအောင်မြင်စွာ ဆောင်ရွက်နေသည့် ကွန်ပျူတာပညာရေး အစီအစဉ်ကို တိုးချဲ့
ဆောင်ရွက်ခြင်းဖြစ်ကာ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ
ပညာဒါနကျောင်း (၁၀)ကျောင်း သို့ လက်ပ်တော့ ကွန်ပျူတာ အလုံး (၂၀၀ ) ကို
လှူဒါန်းသွား မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
လူငယ်များအနေဖြင့်
ကွန်ပျူတာပညာရပ်ကို သင်ကြားရန်အတွက် ရန်ကုန်ကဲ့သို့မြို့ကြီးများဆီ တကူးတက
လာရောက်သင်ကြားရန် မလိုအပ်တော့ဘဲ MPT နှင့် NLD ပညာရေးကွန်ရက် တို့၏
လူမှုအကျိုးပြု အစီအစဉ်ဖြင့် နည်းပညာနှင့် သင်ခန်းစာပို့ချမှုများသည်
၎င်းတို့ထံ ရောက်ရှိလာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။
ကျောင်းသားလူငယ်များအနေဖြင့်
ကွန်ပျူတာနှင့် ဆက်စပ်ပညာရပ်များ လွယ်လင့်တကူ သင်ယူနိုင်ရန် NLD
ပညာရေးကွန်ရက်က ‘အမေ့အိမ်’ ပညာဒါန ကျောင်းများတွင် Computer သင်တန်းများကို
ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းများကို လွန်ခဲ့သည့် တစ်နှစ်ကတည်းက
စတင်ဖွင့်လှစ်ထားခြင်းဖြစ်ရာ ကျောင်းသားဦးရေ ၇၅၀ ထက်မနည်း သင်တန်းများ
ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်ပြီး အလုပ်အကိုင် ရှာဖွေနိုင်စွမ်းများလည်း
တိုးတက် လာခဲ့ပြီဖြစ်သည်။ သို့ရာတွင် အဆိုပါအစီအစဉ် ပိုမိုပြီး
အောင်မြင်နိုင်စေရန်နှင့် လူငယ်လူရွယ်များ၏ စွမ်းရည် တိုးတက်လာစေရန် အတွက်
ပံ့ပိုးမှုများလည်း လိုအပ်လျှက်ရှိကြောင်း ဖော်ပြပါရှိသည်။
ယခုလို
MPT ၏ ထောက်ပံ့ကူညီမှုဖြင့် NLD ပညာရေးကွန်ရက် ၏ ယခုအစီအစဉ်မှာ အခြားသော
နေရာဒေသ များဆီသို့ ပိုမိုချဲ့ထွင်နိုင်ပြီဖြစ်ကာ ကွန်ပျူတာ
ကျွမ်းကျင်မှုများကို လူငယ်လူရွယ်များစွာတို့ ပိုမိုပြီးလက်လှမ်းမီ
ရရှိနိုင်တော့မည် ဖြစ်သည်။ ထိုအတွက် လက်ပ်တော့ကွန်ပျူတာများ သာမက Wi-Fi
ဆက်သွယ်မှုအတွက် ပစ္စည်းပစ္စယများနှင့် ခြောက်လစာ အင်တာနက်ဒေတာများကို အဆိုပါ
၁၀ နေရာစလုံးအတွက် ထောက်ပံ့ပေး သွားမည်ဖြစ်ကာ သင်တန်းပို့ချမည့် ဆရာ ၅
ယောက်အတွက် လိုအပ်သည့် ပံ့ပိုးမှုများကို ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း
ကိုလည်း MPT က ယနေ့ကြေညာလိုက်သည်။
“MPT
ဟာ မြန်မာနိုင်ငံတိုးတက်မှုမှာ တစ်တပ်တစ်အား ပါဝင်နေတဲ့အလျောက် အမှန်တကယ်
လိုအပ်နေသူတွေ၊ အရင်က အကူအညီမရခဲ့သူတွေဆီကို အတတ်ပညာ
ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ နည်းလမ်းတွေနဲ့
ပံ့ပိုးပေးခြင်းအားဖြင့် ခေတ်နောက်ကျ ကျန်ရစ်သူမရှိအောင်
ကြိုးစားလျက်ရှိပါတယ်။ MPT မှာ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အထဲမှာ
နည်းပညာတိုးတက်စေမှု၊ ဆက်သွယ်ရေးနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား တွေဟာ
အဓိကနေရာက ပါဝင်နေပါတယ်။ ဒါကြောင့်မို့လို့ အခုလို NLD ပညာရေးကွန်ရက် နဲ့
ပူးပေါင်းဆောင်ရွက်တဲ့ ဒီလူမှုအကျိုးပြု လုပ်ငန်းဟာ အဓိပ္ပာယ်ပြည့်
စုံနေပါပြီ” ဟု MPT-KSGM ၏ Chief Executive Officer ဖြစ်သူMr.Takashi
Nagashima က ပြောကြားသည်။
အမေ့အိမ်
အခမဲ့ ပညာဒါနကျောင်းများကို နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့်
၎င်းနေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည့် ၂၀၁၀ ခုနှစ်မှ စတင် တည်ထောင်ခဲ့
ခြင်းဖြစ်ပြီး၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းအမေ့အိမ် အခမဲ့
ပညာဒါနကျောင်းပေါင်း(၁၀၄) ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။
အခြား ပြည်နယ်နှင့် တိုင်းများတွင်လည်း ပညာဒါနကျောင်း(၁၀၀) ကျော်ကို
ဖွင့်လှစ်နိုင်ခဲ့ပြီး စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမပေါင်း ၂,၀၀၀ ကျော်က
မူလတန်းမှ အထက်တန်းထိရှိသည့် ကျောင်းသား ၂၀,၀၀၀ ကျော်ကိုလေ့ကျင့်
သင်ကြားပေးလျက်ရှိသည်။
ယခုလိုMPT
၏ သင်ထောက်ကူပစ္စည်းများ လှူဒါန်းမှုဖြင့် တစ်နှစ်လျှင် အနည်းဆုံး
ကျောင်းသားဦးရေ ၆၀၀ ကျော် ကွန်ပျူတာဆိုင်ရာ ပညာ ရပ်များသင်ယူနိုင်
မည်ဖြစ်ကြောင်း ခန့်မှန်းထားကြောင်း ထုတ်ပြန်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) ပညာရေးကွန်ရက် မှ ကိုယ်စားပြုပြောဆိုရာ၌ “ကွန်ပျူတာပညာရပ် ပို့ချ
မှုတွေနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်
လုပ်ဆောင်နိုင်လာတာကို ၀မ်းသာဂုဏ်ယူမိပါတယ်။ လူငယ်တွေဟာ ဒီနေ့ ၂၁ ရာစုနဲ့
ကိုက်ညီတဲ့ ပညာရေးကိုသင်ယူရဖို့အတွက် နေရာကောင်းကို ကြိုးစားရှာဖွေနေရတာထက်
လိုအပ်နေတဲ့ ကျောင်းသားတွေဆီ ပညာသင်ကြားစရာ ကျောင်းတွေကို
အရောက်ပို့ပေးဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ MPT က အခုလို
လှူဒါန်းလိုက်တာဟာ ပိုမိုများပြားတဲ့ ကျောင်းသားတွေကို ပိုမိုကောင်းမွန်တဲ့
နည်းစနစ်တွေနဲ့ သင်ကြားနိုင်စေပြီး သူတို့အတွက် ကောင်းမွန်တဲ့
အနာဂတ်တွေကို ပေးအပ်နိုင်စေလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအကျိုးအပြု
အစီအစဉ်နဲ့ဆို ကျောင်းသားတွေဟာ လိုအပ်တဲ့သင်ခန်းစာတွေ သင်ယူဖို့အတွက်
သင်တန်းတွေဆီကိုသွားရောက်နိုင်ရေး ကိုယ့်နေအိမ်၊ မိသားစုနဲ့
ခွဲခွာစရာမလိုတော့ဘဲ သင်တန်းတွေက သူတို့ဆီကို ရောက်လာတော့မှာ ဖြစ်ပါတယ်” ဟု
ပြောကြားခဲ့သည်။
MPT
သည် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်မှတစ်ဆင့်
လက်ပ်တော့ကွန်ပျူတာများနှင့် တကွ Wi-Fi အင်တာနက် ချိတ်ဆက်သည့်
Routerစက်များနှင့် အင်တာနက်ဒေတာ အသုံးပြုခွင့်များကိုပါ ပေးအပ်
လှူဒါန်းသွားမည် ဖြစ်သည်။ ထို့အပြင် NLD ပညာရေးကွန်ရက်အနေဖြင့်
သင်တန်းများကို ဖွင့်လှစ်နိုင်ရေးအတွက် MPT အနေဖြင့်သင်တန်းပို့ချပေးမည့်
ဆရာများအတွက် ပံ့ပိုးမှုများကိုပါ ဆက်လက် ပြုလုပ်ပေးသွားမည် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း
အင်းစိန်မြို့နယ်၊ တောင်ဒဂုံ ၇၂ ရပ်ကွက်၊ သန်လျင်မြို့နယ်တွင် မြို့မတောင်
ရပ်ကွက် နှင့် ဘုရားကုန်ကျေးရွာ၊ လမ်းမတော်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊
ပုဇွန်တောင် မြို့နယ်၊ ကော့မှူးမြို့နယ်နှင့် သုံးခွမြို့နယ်
တို့အပြင်မွန်ပြည်နယ် သထုံမြို့နယ်စသည်တို့ရှိ NLD ပညာရေး
ကွန်ရက်ကျောင်းများသို့ လှူဒါန်းသွားမည် ဖြစ်သည်ဟု ထုတ်ပြန်ကြေညာသည်။
ဝသန်
The Ladies News
No comments:
Post a Comment