Friday, August 12, 2016

အရန်ဆန်ဝယ်မည့်ကိစ္စ လွှတ်တော်သို့ ဘတ်ဂျက်တောင်းခံရမည်ဟုဆို


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနှင့် တိုင်းပြည်အတွက် အရန်ဆန် တန်ချိန် သုံးသောင်းဝယ်ယူထားရန် အတွက် ပြည်ထောင်စုလွှတ်တော်သို့ ဘတ်ဂျက်တောင်းခံရမည် ဖြစ်ပြီး လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

အကြောင်းကြောင်းကြောင့် ပြည်တွင်းဆန်စားသုံးမှုအတွက် လိုအပ်လာမည် ဆိုပါက ရောင်းချပေးနိုင်ရန် အစိုးရက လုပ်ဆောင်ခြင်း ဖြစ်ပြီး လက်ရှိအနေအထားအရ ချက်ချင်းလိုအပ်ခြင်း မရှိသေးသည့်အတွက် ဖြည်းဖြည်းချင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

ယင်းသို့ အရန်ဆန် ဝယ်ယူနိုင်ရန်အတွက် စီးပွား/ကူးသန်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တို့ ဆွေးနွေးလျက်ရှိကြောင်း MRF ထံမှ သိရသည်။

အရန်ဆန် ဝယ်ယူမည် ဆိုပါကလည်း စပါးစပေါ်ချိန်တွင် ဝယ်ယူရမည် ဖြစ်ပြီး ယခုအချိန်သည် ဝယ်ယူစုဆောင်းရမည့် ကာလ မဟုတ်တော့ကြောင်း ဆန်ကုန်သည်များက ဆိုသည်။

“ဒီအချိန် အဲဒီလောက် တန်အများကြီးကို စုမယ်ဆိုရင် ဈေးကွက်ပြောင်းသွားနိုင်တယ်” ဟု ဆန်ကုန်သည် ဦးအောင်မြင့်က ပြောဆိုသည်။ 

မြန်မာနိုင်ငံသည် စပါးအဓိက စိုက်ပျိုးသည့်နိုင်ငံ ဖြစ်သည့် အားလျော်စွာ နိုင်ငံတော် အရန်ဆန် ဝယ်ယူခြင်း မရှိခဲ့ ဖူးဘဲ ယခုနှစ်မှသာ ပထမဆုံး နိုင်ငံတော် အရန်ဆန် ဝယ်ယူထားရန် စီစဉ်ခြင်းဖြစ်သည်။ 

၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အရန်ဆန် အိတ်ရေ တစ်သိန်းခုနစ်သောင်း ဝယ်ယူခဲ့သည်။

the voice

No comments: