Sunday, June 26, 2016

ဖက် လုံး လေး … သို့ _


ငါ့ဝ'တယ်ပြော
ပိန်လာမှ အရိုးနဲ့ လာထိုးဦးမတဲ့

မလုပ်ပါနဲ့ ချစ်ဆုံးရယ်
ကိုယ့်ဖက်လုံးလေး ပိန်သွားလို့
အသားတစ်ထပ် အဆီမပါရင်
ဆားမပါတဲ့ဟင်းလို အလှပါပျက်နေပါဦးမယ်

ဝက်သားဆို သုံးထပ်သားမှ
ချစ်ဆုံးဆို ပေါင် ၁၄၀ ကျော်လောက်မှ
နှစ်သက်တာ

အော်တို ဓာတ်မှန်ထွက်ပြီးသား ငပိန်လေးတွေ စိတ်မဝင်စားပါဘူး
လေတိုက် မိုးရွာရင် လွင့်ပါသွားမယ့်
မြက်ခြောက်လေးတွေ

နေပူမိုးရွာနှင်းကျကျ
မားမားရပ်ပေးထားတဲ့ ချစ်သူလေးရထားတာ ဘုရားပေးတဲ့ဆုပါ
တစ်ခုပဲ အဲဒီဆုက
အပိုထပ်ဆောင်းပေးတဲ့ ပရိုမိုးရှင်းရာသီနဲ့တိုးလို့
ဖက်တီးပုပ်လေးဖြစ်သွားတယ်

ညစာလျော့နေပြီတဲ့
ညအိပ်ချိန်က ၈ နာရီခွဲ
ထမင်းလျော့ပြီး ခေါက်ဆွဲကြော် ဝက်နံရိုးတွေချည်းကစ်

လမ်းထိပ်က ဝက်သားတုတ်ထိုးအန်တီက ပင်ပန်းလိုက်တာ ကိုကိုရယ် တဲ့
သနားစိတ်နဲ့ သူအမြဲအားပေးတာ
နေ့တိုင်း အရွတ် အူသိမ် အူမ
မုန့်တီသည်က မုဆိုးမမို့
ငဖယ် ရခိုင်သုတ် အကြော်အစုံနဲ့က ငါးပွဲ

ကြံဖန်ဖြည့်တွေးပြီး
သူ့ပရဟိတစိတ်လေးကို ပိုတိုးလို့ချစ်ရပါတယ်

ကျွန်တော့်ချစ်ဆုံးက
လက်လေးပိုက် ခြေလေးခွေ ခေါင်းလေးငုံ့ထားရင်
တကယ့် ချစ်စရာပစ်တိုင်းထောင်ရုပ်လေး

ပေါင်ထပ်မတိုးအောင် ဘယ်လိုလုပ်ရမလဲ ကိုကိုဆိုလို့
ပေါင်ချိန်စက်ကိုဖျက်ပြီး
လက်တံကို ၁၀၀ အတိမှာ ပုံသေထားလို့ပြောလိုက်တယ်

စ'တာပါ
ချစ်ဆုံးက ဝ'တာပဲ
မုန်းသွားတာမှ မဟုတ်တာ
အစားကိုချစ်နေတာ
တခြားတစ်ယောက်ကိုသွားချစ်နေတာထက်စာရင် သာပါတယ် ။

_
#ကိုလင်း

No comments: