ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ညမထွက်ရ အချိန်ပြောင်း
----------------------------------
လားရှိုး၊ဇွန်၂
ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဇွန်လ ၁ ရက်နေ့မှစ၍ ည ၁ဝ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရဟု ပြင်ဆင်ထုတ်ပြန်လိုက်သည်။
ယခင်က ည ၉ နာရီမှ နံနက် ၆ နာရီအထိ အပြင်မထွက်ရဟု ထုတ်ပြန်ထားရာ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရန် အချိန်တိုးပေးလိုက်ခြင်းဖြစ်ကြောင်း၊ ပြင်ဆင်သည့်အမိန့်ကို ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (ဦးစီး) အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချမ်းက ပြင်ဆင်ပေးခြင်းဖြစ်ကြောင်း လားရှိုးမြို့ အခြေစိုက် တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်းမှ သင်တန်းမှူး ဗိုလ်မှူးကျော်ရဲသိန်းက ပြောကြားသည်။
“ ဒီ (ပုဒ်မ ၁၄၄) အမိန့်က အခုမှ ထုတ်တဲ့အမိန့် မဟုတ်ပါဘူး။ လောက်ကိုင်မှာ စစ်ပွဲစဖြစ်တဲ့အချိန်က စစ်အုပ်ချုပ်ရေး ဒေသအဖြစ် ကြေညာခဲ့တယ်။ အဲ့ဒါကို ရုပ်သိမ်းခဲ့ပေမယ့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုတော့ မရုပ်သိမ်းဘူး။ အခုအမိန့်ကိုလည်း ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (ဦးစီး) အဖွဲ့က ထုတ်ပြန်တာ”ဟု ၎င်းကရှင်းပြသည်။
ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် လောက်ကိုင်နှင့် ကုန်းကြမ်းမြို့တို့ ပါဝင်ပြီး လောက်ကိုင်မြို့သည် ခရိုင်အဆင့်မြို့ဖြစ်သည်။
“လောက်ကိုင်နဲ့ ကုန်းကြမ်းဘက်မှာ နေတဲ့ပြည်သူတွေက နေ့ခင်းဆိုရင် လောက်ကိုင်မှာ ဈေးရောင်းတယ်။ အိမ်လည်းရှိကြတယ်။ ညဘက်မှာတော့ တရုတ်ပြည်ဘက်ကို ပြန်သွားကြတဲ့သူတွေ များတယ်။ နှစ်နိုင်ငံ နယ်နိမိတ်ဆက်နေတော့ တရွာနဲ့တစ်ရွာ နေ့စဉ် ကူးလူး ဆက်သွယ်နေကြတာ။ ပြည်သူတွေ အဆင်ပြေအောင် အချိန်လျှော့ပေးလိုက်တဲ့ သဘောပါ။ လက်ရှိတော့ အခြေအနေတွေက တည်ငြိမ်နေပါတယ်”ဟု လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးဌာနမှ အရာရှိကြီးတစ်ဦးက ပြောဆိုသည်။
၂ဝ၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှစ၍ လောက်ကိုင်မြို့တွင် ကိုးကန့် ခွဲထွက်လက်နက်ကိုင်များက လောက်ကိုင် စစ်ဒေသ အုပ်ချုပ်ရေး တပ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရုံး ဦးပယ်စောက်ချိန်နေအိမ်နှင့် အကျဉ်းထောင်ကို ပစ်ခတ်ရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်အုပ်ချုပ်ရေး ဒေသအဖြစ် ကြေညာခဲ့ကာ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (ဦးစီး) အဖွဲ့က ညမထွက်ရ အမိန့်ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, June 3, 2016
ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ညမထွက်ရ အချိန်ပြောင်း ------------------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment