Saturday, December 26, 2015

တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက်ဆိုရင် ... ဘယ်သူလုပ်လုပ် အားပေးတယ် NLDရဲ့ သဘောထားကို ထောက်ခံတယ် ဝမ်းသာ ကြည်နူးဖြစ်ရပါတယ်

တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက်ဆိုရင် ...
ဘယ်သူလုပ်လုပ် အားပေးတယ်
NLDရဲ့ သဘောထားကို ထောက်ခံတယ်
ဝမ်းသာ ကြည်နူးဖြစ်ရပါတယ်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

သေဒဏ် ချမှတ်ခံထားရသော လိပ်ကျွန်းအမှု အယူခံ တက်ရောက်နိုင်ရေးအတွက် အစိုးရ အနေဖြင့် လိုအပ်သော အကူအညီများပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်းဆို

သေဒဏ် ချမှတ်ခံထားရသည့် လိပ်ကျွန်း လူသတ်မှု အယူခံ တက်ရောက်နိုင်ရေးအတွက် အစိုးရ အနေဖြင့် လိုအပ်သော အကူအညီများ ဆောင်ရွက်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီဇင်ဘာ ၂၅ ရက်တွင် လိပ်ကျွန်းအမှုနှင့် ပတ်သက်၍ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် ပြစ်မှု ကျူးလွန်သူများအဖြစ် စွပ်စွဲခံရသူ ရခိုင်လူငယ် နှစ်ဦးအား ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းခရိုင် တရားရုံးက သေဒဏ် ချမှတ်လိုက်သည့် အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် များစွာစိတ်မကောင်းဖြစ်မိကြောင်း၊ အမှုအား စစ်ဆေးရာတွင် ရဲလုပ်ငန်းစဉ် စနစ်မကျမှု၊ မှုခင်းဆရာဝန် လိုက်ပါဆောင်ရွက်မှု အားနည်းခြင်း၊ သက်သေခံ ပစ္စည်းများ၊ လူသက်သေ မပြနိုင်မှု ၊ ဒီအင်န်အေ စစ်ဆေးမှုတို့သည် ပြည့်စုံလုံလောက်မှု မရှိဘဲ လိုအပ်ချက်များ ရှိနေသည်ဟု နိုင်ငံတကာ ဥပဒေ ပညာရှင်များနှင့် ထိုအမှုကို လေ့လာစောင့်ကြည့် နေသူများက ဝေဖန် ထောက်ပြနေသည်မှာ အထင်အရှားဖြစ်ကြောင်း ယင်းကြေညာချက်တွင် ရေးသားထားသည်။

ထို့ပြင် ထိုင်းနိုင်ငံ တရားရုံးမှ ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်လိုက်သည့်အတွက် မြန်မာနိုင်ငံသားနှစ်ဦး အဆင့်ဆင့် အယူခံ သွားရောက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ကူညီ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ အနေဖြင့် ဆက်လက် ကူညီ ဆောင်ရွက်ပေးရန်၊ လိုအပ်သော ဥပေဒပိုင်းဆိုင်ရာ အကြံဥာဏ်များကို လည်းကောင်း၊ လိုအပ်သော ငွေကြေးကို လည်းကောင်း ၀ိုင်းဝန်း ကူညီကြရန်နှင့် နိုင်ငံတော် အစိုးရပိုင်းမှလည်း ကူညီဆောင်ရွက်ပေးကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုက်တွန်းထားသည်။

ဆက်လက်၍  အစိုးရ အနေဖြင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း နှစ်နိုင်ငံ အစိုးရ အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုကို အခြေခံ၍ အကာအကွယ် ပေးရန်နှင့် လိပ်ကျွန်း လူသတ်မှု သေဒဏ် ချမှတ်လိုက်မှုအပေါ် လက်မခံနိုင်သည့် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းသံရုံးကို ဆန္ဒပြရာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို မထိခိုက်ဘဲ နိုင်ငံကြီးသား ပီသစွာ ဆန္ဒပြကြမည် ကိုလည်း အထူးကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လိပ်ကျွန်းအမှုနှင့် ပတ်သတ်သည့် သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

Posted by:  EMG

No comments: