Saturday, December 26, 2015

NLD ၏ ငြိမ်းချမ်းရေးမူဝါဒကို ရှင်းရှင်းလင်းလင်း မသိရသေးဟုဆို

NLD ၏ ငြိမ်းချမ်းရေးမူဝါဒကို ရှင်းရှင်းလင်းလင်း မသိရသေးဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရထားပြီး အစိုးရဖွဲ့ခွင့်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေုး လုပ်ငန်းကော်မတီ (UPWC) တို့ နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်းအတွင်း တွေ့ဆုံရာတွင် NLD ၏ ငြိမ်းချမ်းရေးမူဝါဒများကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာ(MPC) မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။
ယင်းနိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာတွေ့ဆုံပွဲတွင် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) အနေဖြင့် အမြင်ချင်းဖလှယ်သော်လည်း NLD ၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒကို တိတိကျကျမသိရသေးကြောင်း ၊ NLD အပေါ်တွင် လူထုမျှော်လင့်ချက် ကြီးမားပြီး မည်သည့် အစိုးရတက်တက် ဆက်လုပ်သွားရမည့် ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်သောကြောင့် လွယ်လွယ်ကူကူနှင့် ပြီးဆုံးမည်မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“အခုထဲက အမြင်ချင်းဖလှယ်တဲ့ ကိစ္စတွေကို မပြတ်ဆောင်ရွက်ဖို့တော့လိုတယ်။ MPC ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်လက်ရှိ အခြေအနေကို ရှင်းပြခဲ့တယ်။ NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကိစ္စတော့ မဆွေးနွေးဖြစ်ခဲ့ဘူး” ဟု ဦးလှမောင်ရွှေက ဆိုသည်။
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်းဆိုင်ရာကိစ္စရပ်များ၊ အကြိုနိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းရေးကိစ္စများနှင့် ပတ်သက်ပြီး နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း NLD ပါတီ၏ ယင်းနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၁ ခုနှစ် အစိုးရသစ်တက်လာပြီးနောက်ပိုင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်တိုက်လုပ်ဆောင်လာပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ လက်မှတ်ရေးထိုး ခဲ့သည်။

The Voice

No comments: