Saturday, December 26, 2015

ဖားကန့် ဒေသတွင် စွန့်ပစ်မြေစာပုံ ပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများရှိ

ဖားကန့် ဒေသတွင် စွန့်ပစ်မြေစာပုံ ပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများရှိ

ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု အတွင်းရှိ ကန်ခမ် စုပေါင်းမြေစာပုံမှာ ဒီဇင်ဘာ (၂၅) ရက် ညနေပိုင်းက ပြိုကျမှု ထပ်မံဖြစ်ပေါ်ခဲ့ရာ မြေစာပုံ တွင် ကျောက်ရှာနေသော ရေမဆေးသမားများ မြေစာပိ သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ (၂၅) ရက် ညနေ (၄) နာရီ ၀န်းကျင်အချိန် ကန်ခမ် စုပေါင်းမြေစာပုံရှိ မိုက်ကျဲမြေစာပုံ အခြမ်းတွင် ပြိုကျခဲ့ခြင်းဖြစ်ပြီး ယခုလအတွင်း ဒီဇင်ဘာ (၁၄) ရက်နေ့ကလည်း ထွန်းတောက်ဇမ္ဗူ ကုမ္ပဏီမှ မြေစာစွန့်ပစ်သော အခြမ်းတွင် ပြိုကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အခု ညနေပိုင်း ကားနားခါနီး ငါးနာရီ ၀န်းကျင်လောက်မှာ မြေစာပုံ ပြိုကျပြန်တယ်။ မိုက်ကျဲ မြေစာပုံ အခြမ်းမှာ ပြိုကျတာပါ။ အရင်တစ်ခါ ပြိုကျတဲ့ မြေစာပုံနဲ့ တစ်ဆက်တည်းပဲ။ ရေမဆေး တော်တော်များများ ပါသွားတယ်လို့သိရတယ်။ ဘယ်နှစ်ဦးဆိုတာ မသိရသေးဘူး” ဟု ဆွတ်အောင် ကျေးရွာမှ ကိုမြင့်ဆွေက ပြောကြားသည်။

အဆိုပါ ကန်ခမ် စုပေါင်းမြေစာပုံမှာ မကြာခဏ မြေပြိုကျမှု ဖြစ်ပေါ်နေပြီး နိုဝင်ဘာလ အတွင်းက (၁၁၄) လောင်း ရှာတွေ့ခဲ့သည့် တစ်သုံးလုံး စွန့်ပစ်မြေစာပုံ ပြိုကျမှုမှာလည်း ကန်ခမ် စုပေါင်းမြေစာပုံအတွင်း ပါရှိသည်။

ဖားကန့်ဒေသတွင် ကုမ္ပဏီကြီးများ မြေစာစွန့်ပစ်ရန် စုပေါင်းမြေစာပုံ (၁၁) ပုံရှိပြီး မြေစာပုံ ကွင်းဆင်းအဖွဲ့၏ စစ်ဆေးမှုအရ မားဆား စုပေါင်းမြေစာပုံ၊ မော်မောင်းဘွမ် စုပေါင်းမြေစာပုံ၊ ကုလားမှော် စုပေါင်းမြေစာပုံ၊ ရွာဟောင်း စုပေါင်းမြေစာပုံ၊ အထက် မက်လင်ချောင် စုပေါင်းမြေစာပုံ တို့မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ဘေး အန္တရာယ် ဖြစ်ပေါ်နိုင်သည့် အနေအထားတွင် ရှိနေသည်။

(ပုံစာ - နိုဝင်ဘာ ၂၁ ရက်တွင် ဖြစ်ပွားခဲ့သော ဖားကန့်ဒေသရှိ စွန့်ပစ်မြေစာပုံ ပြိုကျမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများက ရှာဖွေမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်)

#11

No comments: