Wednesday, December 2, 2015

ရှမ်းမြောက်ရှိ KIA တပ်မဟာ (၄) လက်အောက်ခံ TNLA နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွား ==================

ရှမ်းမြောက်ရှိ KIA တပ်မဟာ (၄) လက်အောက်ခံ TNLA နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွား
=========================================
1, December, 2015 By Voice Of Kachin

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေသော KIA တပ်မဟာ (၄) ၏ လက်အောက်ခံ တအောင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ နမ့်ခမ်းနှင့် မန်တုံမြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာ (၂၇) ရက်မှစတင်၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရသည်။

ယခုမှ ရှမ်းမြောက်တွင် ပေါ်ပေါက်လာသော TNLA နှင့် ခေတ်အဆက်ဆက် အစိုးရအား လက်နက်ကိုင် တော်လှန်ခဲ့သည့် ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS/SSA အား TNLA မှ ချုံခို တိုက်ခိုက်သဖြင့် RCSS/SSA အဖွဲ့များ အထိနာကာ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟုလည်း ကြားသိရသည်။

ရှမ်းမြောက်တွင် တအောင်း လက်နက်ကိုင် တပ်ဖွဲ့ဟူ၍ ဘယ်တုန်းကမှ မရှိခဲ့သော TNLA အား KIA တပ်မဟာ ၄ မှ အသက်သွင်းပေးခဲ့ပြီး လက်အောက်ခံ တပ်ရင်းတစ်ခုအဖြစ် အသုံးပြုကာ ရှမ်းပြည်နယ်မြောက်ပိုင်း၏ တစ်စိတ်တစ်ဒေသကို ထိန်းချုပ်ခဲ့ကြသည်။

TNLA အဖွဲ့အား အဓိက ထောက်ပံ့နေသူမှာ KIA ဖြစ်ပြီး ရှမ်းမြောက်တွင် မူးယစ်ဆေးဝါး နှင့် မှောင်ခိုလုပ်ငန်းများအတွက် TNLA အား အမည်ခံ အသုံးချရန်အတွက် မွေးမြူထားခြင်း ဖြစ်သည်။ RCSS/SSA အဖွဲ့ကလည်း ၎င်းတို့ ရှမ်းပြည်နယ်အတွင်းရှိ တအောင်းလူမျိုးများအား အသုံးချကာ KIA မှ မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်နေခြင်းကို သည်းမခံနိုင်တော့ပဲ KIA တပ်မဟာ ၄ ၏ လက်အောက်ခံ TNLA တပ်ဖွဲ့နှင့် စတင်ဆုံတွေ့ကြခြင်း ဖြစ်ပါသည်။

ရှမ်းမြောက်ပိုင်းရှိ ရှမ်းရွာများတွင်လည်း ယခုရက်ပိုင်းအတွင်း အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့များမှ လာရောက်၍ လူသစ်ဆွဲလျှက်ရှိကြောင်း သိရပြီး၊ မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံများ မကြာခဏ ထိခိုက်ဒဏ်ရာရနေသည်ဟုလည်း ဒေသခံများထံမှ ကြားသိရသည်။

ရှမ်းမြောက်သည် KIA/TNLA တို့ အဓိက လှုပ်ရှားရာဒေသဖြစ်ပြီး SSPP/SSA အဖွဲ့များနှင့် MNDAA အဖွဲ့များလည်း စီးပွားရေးနှင့် လက်နက်ခဲယမ်းမှောင်ခိုလုပ်ငန်းများအရ သွားလာမှုရှိသည်ဟု သိရသည်။

No comments: