ဧရာဝတီမြစ်တစ်လျှောက် မိုးလေဝသစခန်းများတည်ဆောက်မည်
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် မိုးလေဝသနှင့်ဇလဗေဒစခန်းပေါင်း ၃၀ ကို တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
“ ရေအရင်းအမြစ်ရဲ့ အစီအစဉ်နဲ့ လုပ်ဆောင်တာပါ။ စခန်းတွေကို ဘယ်နေရာတွေမှာ တည်ဆောက်သွားမယ် ဆိုတာကို မရွေးချယ်ရသေးပါဘူး ” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ဌာနခွဲ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် မိုးလေဝသနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ လိုအပ်မှုကြောင့် တည်ဆောက်မည်ဖြစ်ကြောင်း၊ ကျွမ်းကျင်ပညာရှင်များ၊
အကြံပေးနိုင်မည့်သူများကို ခန့်အပ်ထားပြီးဖြစ်ပြီး အသေးစိတ်ကိုမူ ရေးဆွဲနေဆဲဖြစ်ကြောင်း ၄င်းက ထပ်မံပြောဆိုသည်။
“ ဒီလို စီမံကိန်းတွေရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှုနဲ့ ဒေသအတွက် အမှန်တကယ် အကျိုးရှိဖို့လည်း လိုအပ်တယ်။ အရင်ခေတ်တွေတုန်းကလို ဒေသအတွက် အကျိုးမရှိမယ့် စီမံကိန်းတွေ လုပ်နေမယ်ဆိုရင် အလကားပါပဲ” ဟု မန္တလေး ဒေသခံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် စိမ်းရောင်စိုအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။
အဆိုပါစခန်းများ တည်ဆောက်မှုကို လာမည့်ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
No comments:
Post a Comment