စစ်ပွဲများ ပဋိပက္ခများ ၏အမှားအမှန်ဘယ်လိုဝေခွဲမလဲ
------------------------------------------------
တလောကဂျာနယ်တစ်စောင်မှာဖတ်လိုက်ရတဲ့သတင်းလေးတစ်ပုဒ်က ကျွန်တော်၏ စိတ်ကို တစ်ညနေမျှ ဖမ်းစားထားနိုင်ခဲ့သည်။ ၁၆ နှစ်သမီးအရွယ် ပါလက်စတိုင်း အမျိုး သမီးငယ်လေးက အစ္စရေး နိုင်ငံ၏ လူစည်ကားရာ နေရာတစ်ခုတွင် အသေခံဗုန်းခွဲခဲ့ ရာ အစ္စရေးတစ်ဦးသေ၍ လူ များစွာ ဒဏ်ရာရရှိသွားသည်ဟူသော သတင်းဖြစ်သည်။ထိုအပြင်ပို၍ စိတ်ဝင်စားစေသည့် အချက်မှာ ထိုအမျိုးသမီးငယ်လေး သည်မကြာခင်လက်ထပ်တော့မည့်သူ တစ်ယောက်ဖြစ်သည်။ သူတွင် မိဘများရှိသည် ဆွေမျိုးများရှိသည် ချစ်ခင်ရသူတွေကိုစွန့်လွှတ်၍ ဘာကြောင့် ဒီလမ်းကြောင်းကိုရွေးချယ် ခဲ့ရသနည်းမှာစဉ်းစားဖွယ်ပင်ဖြစ်သည်။
ကျွန်တော်သည်လည်းလူငယ်တဦးသာဖြစ်၍ စဉ်းစားမိသည်မှာ ဤ အရွယ် သည် ကမ္ဘာ ကြီးလောက်အိပ်မက်တွေ မျှော်လင့်ချက်တွေအများကြီး ရှိသောအရွယ်ပင်ဖြစ်သည်။တက်လမ်းတွေ အများကြီးရှိသည် ယုတ်စွအဆုံး အချစ် ဇာတ်လမ်းလေးများလည်းရှိမည်သာဖြစ်သည်။ဆင်ခြင်မိသည်မှာ ကျွန်တော်တို့သည် မွေးဖွားလာသည့်အနေအထားမတူသည်မှသေချာသည်။ကျွန်တော်တို့၏ ဘဝတွင် မွေးရာပါအခွင့်အရေးများကန့်သပ်ခံနေရသည်ဟု အလျင်းမခံစားရပေ သမိုင်းပေးတာဝန်များ သို့မဟုတ် သမိုင်းနှင့်ချီ သည့်လက်စားချေလိုမှုများမရှိပေ။ကျွန်တော် တို့သည်လွတ်လပ်သော နိုင်ငံမှာနေနေပြီး ကျွန်တော်တို့၏ လွပ်လပ်မှုကို မည်သူကမှ လာ၍ နှောက်ရှက်နေခြင်းမရှိပါ။ကျွန်တော်သည် အိမ်ထဲတွင်ငြိမ်းချမ်းစွာထိုင်၍ ကမ္ဘာ့ သတင်းများကို နားထောင်နေနိုင်လောက်အောင်ကံကောင်း နေသေးသည်ပင်ဖြစ်တန်ရာ၏။
ယခု ၁၆ နှစ်အရွယ် ပါလက်စတိုင်းသူလေးကတော့ အာဇာနည် တစ်ယောက်အဖြစ် သေလမ်းကိုရွေးချယ်ခဲ့ပေပြီ။ကို့ကိုယ်ကို စတေး၍ သူမနှင့်အတူ အစ္စရေးများနိုင်သမျှများအောင် ဗုန်းဖောက်ခွဲက အပိုင်းပိုင်းလွင့်စင်၍ သေဆုံးခဲ့ပြီ။မိန်းကလေးနှငိ့ အတူ အစ္စရေး တစ်ယောက်သာသေဆုံးပြီ ကျန်လူများ မှာဒဏ်ရာရ ယုံမျှသာဖြစ်သည် ဟု သူမမသိနိုင်တော့ပေ။ထို မိန်းကလေး၏ စတေးမှုမှာ တန်ပါ၏လော။
သူမယုံကြည် သည့် ရလဒ်တစ်ခုခုကို တချိန်မှာ ရလိမ့်မည်ဟု မျှော်လင့်ကာသေဆုံးသွားခြင်းဖြစ်မှာတော့ သေချာသည်။နောက်ဆုံးရလဒ်ကဘယ်တော့လာမည်နည်း။ ပါလက်စတိုင်းပြည်သူတွေ အစ္စရေးလက်မှ ပါလက်စတိုင်းဒေသကိုပြန်ရဖို့ ကဘယ်တော့ဖြစ်လာနိုင်မည်နည်း။အစ္စရေးလူမျိုးတွေ အကုန်သေမှလား သို့မဟုတ် ဘယ်သော အခါမှ အစ္စရေးတို့က ပါလက်စတိုင်းတို့လက်ထဲသို့ပြန်အပ်မည်နည်း။
အာဇာနည်ဘဝကိုရွေးချယ်ထားသော ပါလက်စတိုင်း လူမျိုတွေအများကြီးရှိသည်။တစ်ယောက်ပြီး တစ်ယောက် အသေခံဗုန်းခွဲဖို့တန်းစီစောင့်နေသူများဖြစ်ကျသည်။ယောင်္ကျားတွေလဲ ပါသည် မိန်းမတွေလဲ ပါသည်။ကျွန်တော် တို့လိုဘဲ အနာဂတ်တွေရှိသည် တွယ်တာ မှုတွေရှိသည်။တစ်ယောက်ယောက်အတွက်မိမိ အသက်ရှင်ရမည်ဟူသော တွယ်တာမှုတွေနှင့်ဖြစ်သည်။ထိုသူတို့သည်အဘယ့်ကြောင့် သေလမ်းကိုရွေးချယ်ရသနည်း။
ထိုအရာသည် လက်စားချေမှုမဟုတ် အာဃာတကြောင့်လဲဟုတ်မည်မထင် ကို့လူမျိုးကို့နိုင်ငံကို အဖတ်ဆယ် လိုခြင်းသားဖြစ်သည်။တနည်းအားဖြင့် မိမိ ပိုင်ဆိုင်သည့် မွေးရပ်မြေဒေသကို တမ်းတသည့် စိတ်ဖြစ်ည်။ကျွန်တော့်စိတ်ကို စိုးမိုးထားနိုင်သည်မှာ ထိုမိန်းကလေးဘာကြောင့်အသေခံဗုန်းခွဲသွားရသနည်းဟူသောအချက်မဟုတ် ပါလက်စတိုင်းပြည်သူတို့နှင့် အစ္စရေး တို့ ၏ ပဋိပက္ခများ မည်မျှကြာအောင်ဆက်ဖြစ်နေမည်နည်းဟူ၍ ဖြစ်သည်။
အကယ်၍များလူတစ်ယောက်က ဘယ်သူမှား၍ ဘယ်သူမှန်လဲဟုမေးလျင် ကျွန်တော် မည်သို့ဖြေရမည်ကို တကယ်မသိပါ။ငါမသိဟူ၍သာဖြေရမည်ထင် သည်။အစ္စရေးမှားခဲ့သည့်အခါများရှိမည် ပါလက်စတိုင်းတို့မှားခဲ့သည့်အခါများလဲရှိပေမည်။တကယ်တော့ လောကကြီးတွင် အကောင်းအဆိုး အမှားအမှန် အဖြူအမည်းကို မျဉ်းတစ်ကြောင်း ဖြင့်ဟိုဖက်သည်ဖက်ခြားနားလိုက်လျှင် တရားမည်မထင်။ထိုမေးလာမည့်သူကို ကျွန်တော်သိသလောက် အာရပ်အစ္စရေး ပဋိပက္ခတို့၏ အရင်းအမြစ် ကိုရှင်းပြဖြစ်ပါလိမ့်မည်။သို့သော် ကျွန်တော် သည်လည်း ခံစားချက်နှင့် လူဖြစ်သောကြောင့် ကျွန်တော်၏ ရှင်းပြချက်တွင် ဘက်လိုက်မှုများရှိနိုင်သည်။သို့မဟုတ် ကိုဖတ်ဖူးသော စာအုပ်များ၏ စာရေးဆရာများ ဘက်လိုက်မှုကြောင့် လည်းလွဲချော်မှုများရှိနိုင်သည်။
တိုင်းမဂ္ဂဇင်းကတော့မျှ တသည်လား လူလည်ကျသဘ်လားတော့ မဆိုနိုင် အစ္စရေးဘက်ကအမြင်ရောပါ လက်စတိုင်းဘက်ကအမြင်ရောကို မျှ၍ ဖော်ပြခဲ့သည်။
*ဘာကြောင့် ပါလက်စတိုင်းတို့အသေခံဖောက်ခွဲရသနည်း*
ပါလက်စတိုင်းလူမျိုးတို့၏ အသေခံဗုန်းဖောက်မှုကို သုံးသပ်ထားသော ပါလက်စတိုင်း ဆရာဝန် တစ်ယောက်၏ သုံးသပ်ချက်ဖြစ်သည်
"""အစ္စရေး လူမျိုးတို့ ၏ စားသောက် ဆိုင်များ လူစည်ကားရာ အရပ်များတွင် ဘာကြောင့် ပါလက်စတိုင်းတို့ဖောက်ခွဲ ဖျက်စီးကျရသနည်းဆိုသည် ကို နားလည်လိုလျှင် အစ္စရေးနှင့် ပါလက် စတိုင်းတို့၏ ပဋိပက္ခ ကို နားလည်မှ ဖြစ်မည်။ကျွန်တော်တို့ရဲ အမျိုးသားရေး တစ်ရပ်လုံးဟာ စိန်ခေါ်မှုတွေ ဒေါသတွေနဲ့ ဖြစ်နေရတာပါ။ဒီနေ့ခေတ်မှာ ရုံးကန်နေရတာက အသေခံဗုန်းခွဲသူဖြစ်မလာရေးပါ။ဘာဖြစ်လို့လဲ ဆိုတော့ ကောင်းကင်ဘုံကိုသွားဖို့တန်းစီနေတဲ့ လူတန်းကြီးကအရှည်ကြီးပါ။
ဒီပြသနာတွေရဲ့အရင်းအမြစ်ကတော့ သမိုင်းကြောင်းအရှည်ကြီးနဲ့အတူခံစားလာရတဲ့ သိပ်ခါချခံရမှုနှင့်အတူ လက်စားချေမှု တွေပါ။၁၉၄၈ ခုနှစ်မှာ အစ္စရေး နိုင်ငံစတင် ထူထောင်စဉ်ကစကာ ပါလက်စတိုင်းပြည်သူတွေဟာ အမြစ်ကဆွဲထုတ်ခံလိုက်ရတာပါ။အဲ့ဒီမှာ အာရပ်လူမျိုးတိုင်းရဲ့ စိတ်မှာ အရှက်ဟာ နက်နက်ရှိုင်းရှိုင်းနဲ့ အမြစ်တွယ် လာတော့တာပါဘဲ။အာရပ်လူ့အဖွဲ့အစည်းမှာ အရှက်ဟာ နာကျင် ခံစားရဆုံးသောစိတ်ဝေဒနာပါ။အသက်ရှင်ဖို့မထိုက်တန်လောက်အောင် ပင်ဖြစ်ရပါသည်ဟုဆိုပါသည်။
၃၅ နှစ်ကြာအောင် အစ္စရေးတို့က အနောက်ထက်ကမ်းခြေနှင့် ဂါဇာဒေသကို သိမ်းပိုက်ထားခြင်းမှာလဲအာရပ်တို့၏အားနည်းမှုကို တချိန်လုံးမမေ့နိုင်အောင်သတိပေးနေခဲ့တာပါ။
ကူကယ်ရာမှုနဲ့ အရှက်ကနေကြာတော့ဒေါသအဖြစ် ပြောင်းလဲလာတယ်။အဲ့ဒီဒေါသကနေ စိန်ခေါ်မှုအဖြစ်လမ်းတွေပေါ်ကို အကြမ်းဖက်မှုတွေ အဖြစ်ရောက်ရှိလာခြင်းပင် ဖြစ်ပါသည်။
ချက်ချင်းဆိုသလို ပါလက်စတိုင်းပြည်သူတွေဟာ သူတို့အပေါ် ရက်စက်ပြီး အနိုင်ကျင့်တဲ့ လူတွေကို လက်တုန့်ပြန် တိုက်လိုက်ပြီး သူတို့ သိက္ခာကို ပြန်ဆယ် လာနိုင်တယ် လို့ထင်လာရပါတယ်။ပါလက်စတိုင်းတွေဟာကူရာမဲ့ သားကောင်တွေမဟုတ်တော့ပါဘူး သူတို့ထက် စစ်အင်အား အစများစွာ လွန် တဲ့ အစ္စရေးတွေ ကို ဆန့်ကျင်တိုက်ခိုက် ရင်း စိတ်ပိုင်းဆိုင်ရာအားတက်မှုနှင့် အောင်အောင်ပွဲတွေရလာပါတယ်။
ဒါပေမဲ့ အစ္စရေးစစ်သားတွေဟာခြေထောက်နဲ့ လာကျတာ မဟုတ်ပါဘူး သံချပ်ကာကားတွေနဲ့ လာကျတာပါ သူတို့ကို မြင်တောင် မမြင်ရပါဘူး။ဒီတော့ပါလက် စတိုင်း ပျောက်ကြားစစ်သားတွေ ဘာလုပ်ကျလဲ။သူတို့ မြင်နေရတဲ့ အစ္စရေးအရပ်သားတွေ ရဲ့ ဈေးဆိုင်တွေ ကော်ဖီဆိုင်တွေ နဲ့ လူစည်ကားရာတွေကို ပစ်မှတ်ထားတိုက်ခိုက်လာပါတော့တယ်။ အစွန်းရောက် ပါလက်စတိုင်းလက်နက်ကိုင်တွေ အတွက် အစ္စရေးဆိုရင် စစ်သားနဲ့ အရပ်သားရယ် လို့မရှိပါဘူး ရန်သူပါဘဲ။"""
ဒဏ်ရာများနှင့်အစ္စရေး
အစ္စရေးလူမျိုး စိတ်ကုဆရာ ဝန်တစ်ယောက်၏အမြင်မှာလည်းလက်ခံနိုင်စရာပင်ဖြစ်သည်။
သူက အစ္စရေး ပါလက်စတိုင်း ပဋိပက္ခကို ပန်းချီဆရာကြီး ဖရန်စစ် ဒီကိုရာ ၏ ပန်းချီ ကားဖြင့် ခိုင်းနှိုင်း သရုပ်ဖော်ခဲ့သည်။ပန်းချီကား၏အမည်မှတုတ်တိုများ ဖြင့် စိန်ခေါ်သတ်ပွဲဖြစ်သည်။ပန်းချီကားထဲတွင် လူနှစ်ယောက် သည် တုတ် တိုတင်းပုတ် ကိုယ်စီကိုင်၍ တိုက်ခိုက်နေကျသည်။သူတို့၏ ကိုယ်အောက်ပိုင်း များမှာသဲဝဲကြီးထဲတွင် စုတ်ယူခံရပြီးနစစ်မြုပ်နေကျပြီ ဖြစ်သည်။
သဲဝဲနွံထဲမှာနေရသော အခြေအနေသည် အစ္စရေးတို့၏ ဘဝကို နက်ရှိုင်းစ ထိခိုက်လာခဲ့သည်။အကြမ်းဖက်မှုကြောင့် ကိုဒဏ်ရာ စိတ်ဒဏ်ရာ ရရှိသူများမှာ သေသည်အထိ အနာရွတ်တွေကျန်တော့မည်။တချို့တွေဆိုလျှင် အကြမ်းဖက်တိုက်ခိုက်မှုဒဏ်ကို တစ်ကြိမါမက နှစ်ကြိမ်ခံခဲ့ရသူများဖြစ်သည်။နေ့စဉ်နှင့်အမျှ သူတို့ရင်ဆိုင်နေရသည်မှာ အကြမ်းဖက်မှုများအသုဘများပင်ဖြစ်သည်။
ထိုမြင်ကွင်းများသည် သူတို့၏ ဒဏ်ရာများအားဆွပေးနေသလိုဖြစ်နေသည်။သူတို့သည် မမျှော်လင့်ဘဲ ဗုန်းခွဲမှုများ အကြမ်းဖက်မှုများဖြင့် သေနိုင်သည်ဟူ၍ ကြောက်ရွံလျက်ရှိသည်။ကြောက်ရွံမှုထက်ပင် သူတို့ကို လွှမ်းမိုးနေသော အရာမှာ အာမခံချက်မရှိသော အခြေအနေဆိုးကြီးထဲတွင် သူတို့နေနေရသည်ဟူသောအသိပင်ဖြစ်သည်။အစ္စရေးပြည်သူတို့သည် ဘာစွမ်းအားမှမရှိ ကူရာမဲ့သောအခြေအနေနှင့် ရင် ဆိုင်နေရသည်ဟူ၍ ရှင်းပြထားသည်။
အားလုံးကောင်းသွားမှာပါဟူသော စကားကိုအရင် ကသူတို့ စိုးရိမ်ပူပန်စွာပြောခဲ့ဘူးသည်။အခုတော့ ထိုစကားသည် အမှန်တကယ်ဟူ၍ပင်ယူဆ၍ မရနိုင်တော့ပေ။
ကျွန်တော်၏ သာမန်ပြည်သူအတွေးအရမူ ပါလက် စတိုင်းကို နှစ်ခြမ်းခွဲလိုက်။အရင်တုန်းက ကုလသမဂ္ဂ ဆုံးဖြတ်ခဲ့ သလိုပင်ဂျေရုဆလင် ကို အစ္စရေးရော ပါလက် စတိုင်းရော လာ၍ရသည့်ကြားခံနယ်မြေအဖြစ် သတ်မှတ်လိုက်။အစ္စရေးကလည်း အရင် တုန်းကသဘောတူခဲ့ သလို နှစ်ဖက်ငြိမ်းချမ်းရေးကို ပြန်၍တည်ဆောက်။ပါလက် စတိုင်းတို့ဘက်ကလဲ နှစ်ရာ စုကတည်းကရောမတို့ကြောင့် အဝေးကိုလွင့် သွားရသော အစ္စရေးတို့ကိုနားလည်သနားကာမျှဝေကြိုဆို လိုက်ပါ။
ထိုသို့ ဆိုလျင် ပါလက်စတိုင်းတို့လည်း အသေခံအာဇာနည်ဖြစ်စရာမလို။အစ္စရေးတို့ သည်လည်းဒဏ်ရာပေါ်ဒဏ်ရာဆင့် အကြောက်ပေါ်အမုန်းဆင့်အခြေအနေဖြင့် သဲဝဲနွံထဲတွင်နစ်စရာမလိုတော့ပေ။အဲ့ဒီလိုသာဆိုလျင်လောကကြီးဘယ်လောက် သာယာချမ်းမြေလိမ့်မည်နည်း။
အခုတော့ အဖြေရှာမရနိုင်သည့် အခြေအနေတွင် ကမ္ဘာ ကြီးသည် နစ်သထက်နစ်နေခဲ့သည်။အသေခံဗုန်းခွဲသူတို့ သည် အကြမ်းဖက် သမားလား အာဇာနည် လား အရှက်နှင့် အမုန်းကို ထိထိခိုက်ခိုက် ခံစားနိုင်သည့်ကျွန်တော် တို့ သာမန်လူသားများအဖို့ ဆုံးဖြတ်နိုင်မည်ဟုမထင်ပေ။
သေခြာတာ တစ်ခုကတော့ထိုမိန်းကလေးသည်နောက် ဆုံးအာဇာနည်မဟုတ် နောက်ထပ် အများကြီးထွက်ပေါ်လာဦးမည်သာဖြစ်သည်။
(ဤဆောင်းပါးသည် အတတ်နိုင်ဆုံးအလယ်အလတ်အမြင်ဖြင့်ရေးထားခြင်းဖြစ်ပါသည်။စာဖတ်သူကို ရသတစ်ခုခု ခံစားရစေရန်ရည်ရွယ်သည်။လူမျိုးရေးမုန်းတီးမှုများကင်းစင်နိုင်ကျပါစေ)
Ref
အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ
Time
No comments:
Post a Comment