"နောက်နှစ်မှာသွင်းမယ့်ကား ဘယ်မောင်းတစ်မျိုးသာဖြစ်ရမယ်၊ ၂၀၁၁မော်ဒယ် အနိမ့်ဆုံးသွင်းရမယ်"
ရန်ကုန်၊ဒီဇင်ဘာ ၈
လာမယ့် ၂၀၁၆ခုနှစ်ကစပြီး ပါမစ်အမျိုးမျိုးအတွက် တင်သွင်းမယ့် ကားတွေကို ဘယ်မောင်းတစ်မျိုးတည်းသာ တင်သွင်းခွင့်ပြုတော့မှာ ဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ကိုကို ကပြောပါတယ်။
"၂၀၁၆မှာ မော်တော်ယာဉ်ဥပဒေအရ ယာဉ်အိုယာဉ် ဟောင်းအစားထိုး ယာဉ်တစ်မျိုးတည်းကပဲ ဘယ်မောင်း၊ ညာမောင်းမခွဲပဲ တင်သွင်းခွင့်ရမယ်၊ ကျန်တဲ့ကားတင်သွင်းတွေအားလုံးက ဘယ်မောင်းတစ်မျိုးတည်းပဲ တင်သွင်းခွင့်ပေးမယ်" လို့ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ကိုကို ကပြောပါတယ်။
၂၀၁၆ခုနှစ်ကစပြီး မော်တော်ယာဉ်နည်းဥပဒေ(၂၀၁၅) ရဲ့ သတ်မှတ်ချက်အတိုင်းလိုက်နာပြီး ကားတင်သွင်းရမှာ ဖြစ်ပါတယ်။
မော်တော်ယာဉ်ဥပဒေကို ၂၀၁၅ခုနှစ်စက်တင်ဘာလဆန်းမှာ စတင်ပြဌာန်းခဲ့ပါတယ်။ နောက်ပိုင်းမှာ မော်တော်ယာဉ်နည်းဥပဒေကို ဆက်လက်ရေးဆွဲခဲ့ပြီး ၂၀၁၅ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ် ပြဌာန်းသွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။
နည်းဥပဒေပြဌာန်းပြီးနောက်ပိုင်း၂၀၁၆ခုနှစ်အတွင်း တင်သွင်းလာမယ့် ကားတွေထဲက ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းခြင်းနှင့် အစာထိုးယာဉ် တင်သွင်းခြင်းဆိုင်ရာ ကားတင်သွင်းခွင့်ဖြင့် တင်သွင်းမယ့် မော်တော်ယာဉ်တွေမှလွဲပြီး အခြားကားတင်သွင်းခွင့်ပါမစ်အမျိုးမျိုးဖြင့် တင်သွင်းလာမယ့် ကားတွေကို ဘယ်မောင်းတစ်မျိုးတည်း သာတင်သွင်းခွင့်ပြုသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် တက္ကစီ(အငှားယာဉ်)အဖြစ် အသုံးပြုမယ့်ကားတွေကိုလည်း ရောက်ရှိနှစ်ရဲ့ အများဆုံးငါးနှစ်အောက် ထုတ်လုပ်တဲ့မော်ဒယ်တွေကိုသာ တင်သွင်းခွင့်ပြုသွားမှာဖြစ်ပါတယ်။
ယာဉ်အိုယာဉ်ဟောင်းစီမံချက်ကိုလည်း ၂၀၁၈ခုနှစ်အထိသာထား ရှိမှာဖြစ်ပြီး နောက်ပိုင်းမှာ မော်တော်ယာဉ်အို/ဟောင်းတွေကို ဖျက်သိမ်းခြင်းထက် အခွန်တိုးမြင့်ကောက်ခံသွားမယ်လို့ ဦးချစ်ကိုကို ကရှင်းပြပါတယ်။
အခုလိုမော်ဒယ်တိုးမြင့်သတ်မှတ်ချက်နဲ့ ဘယ်မောင်းတစ်မျိုးတည်း သတ်မှတ်ချက်တွေကြောင့် လာမယ့်နှစ်ကားဈေးကွက်က ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့ ကားဝယ်ရောင်းပွဲစားတွေက ခန့်မှန်းကြပါတယ်။
သတင်းထောက်-အောင်ဖြိုးမွန်
No comments:
Post a Comment