ပုဒ်မ၅၉(စ) ကိုဆိုင်းငံ့နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်မည်ဟု သူရဦးတင်ဦးပြော
ရန်ကုန်၊ဒီဇင်ဘာ၂၅
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတတာဝန်ယူခွင့်မှ ပိတ်ပင်ထားသော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၅၉(စ) ကို ဆိုင်းငံ့နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမည်ဖြစ်ကြောင်း ယင်းပါတီနာယက သူရဦးတင်ဦးကပြောဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်အတွက် လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်၍ရနိုင်သော်လည်း အချိန်ယူရမည်ဖြစ်ပြီး ပုဒ်မ၅၉(စ) ကို ဆိုင်းငံ့နိုင်လျှင် အချိန်တိုတိုနှင့်ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်နိုင်ကြောင်း၊ ယင်းသို့ဆိုင်းငံ့ရေးမှာလည်းဖြစ်နိုင်ဖွယ်ရှိကြောင်း သူရဦးတင်ဦးကလွတ်လပ်သည့်အာရှအသံသတင်းဌာနသို့ ပြောဆိုခြင်းဖြစ်သည်။
“ကျနော်တို့သဘောထားကြီးကြီးနဲ့ပဲ ၅၉(စ)ကိုပေါ့။ ဒါကိုခေတ္တရပ်ဆိုင်းထားပြီးတော့လုပ်မယ်ဆိုခဲ့လို့ရှိရင်လည်းပဲ ဒါဖြစ်နိုင်တာပဲလို့။ အဲ့ဒါဆိုလို့ရှိရင်ဘယ်နည်းနဲ့ပဲလုပ်လုပ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ဖို့ဆိုတာကတော့ ဖြစ်နိုင်တဲ့အခြေအနေရှိနေပြီပဲ” ဟု အထက်ပါသတင်းဌာနနှင့်ဆက်သွယ်မေးမြန်းမှုတွင် သူရဦးတင်ဦးကပြောဆိုထားသည်။
ယင်းသို့ပုဒ်မ၅၉(စ) ဆိုင်းငံ့ရန်အတွက်ဆိုလျှင် လွှတ်တော်၌ဥပဒေတစ်ရပ်တင်သွင်း၍ ဆိုင်းငံ့ခြင်းမျိုးပြုလုပ်နိုင်ကြောင်း၊ ယင်းသို့ဆိုင်းငံ့ရန်ဥပဒေတင်သွင်းခြင်းမှာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမဟုတ်သလို ပယ်ဖျက်ခြင်းလည်းမဟုတ်၍ အလုပ်ဖြစ်နိုင်သည့် နည်းလမ်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေဦးကိုနီက The Voice သို့ပြောဆိုသည်။
ရွေးကောက်ပွဲအနိုင်ရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတင်မည့်သမ္မတလောင်းကို ယခုအချိန်ထိထုတ်မပြောနိုင်သေးချိန်တွင် ပုဒ်မ၅၉(စ) ကို တစ်နည်းတစ်ဖုံကျော်လွှား၍ ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတဖြစ်စေရန်
စီစဉ်နေကြောင်း သတင်းအချို့ထွက်ပေါ်လာပြီး ဇန်နဝါရီလဆန်းတွင် လွှတ်တော်၌ယင်းအစီအစဉ်ကို ဆောင်ရွယ်ဖွယ်ရှိကြောင်းနီးစပ်သူများကပြောဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနှင့်ပတ်သက်၍ အဓိကအင်အားစုဖြစ်သော တပ်မတော်အနေနှင့် ဖွဲ့စည်းပုံပြင်လိုသူများ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။
No comments:
Post a Comment