Thursday, August 18, 2016

ဂျပန် Fujifilm နှင့် ထိုင်းကုမ္ပဏီတစ်ခု သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမည်

ဂျပန်နိုင်ငံအခြေစိုက် ကင်မရာနှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် Fujifilm ကုမ္ပဏီနှင့် ထိုင်းနိုင်ငံအခြေစိုက် Kim Pai ကုမ္ပဏီတို့က သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရသည်။

Fujifilm က အမေရိကန်ဒေါ်လာ ခြောက်သန်း ရင်းနှီးမြှုပ်နှံကာ မြန်မာနိုင်ငံအတွင်း ဒစ်ဂျစ်တယ်ကင်မရာ၊ ဓာတ်ပုံထုတ် ပစ္စည်းကိရိယာများနှင့် ဆက်စပ်သည့် အပိုပစ္စည်းများကို လက်လီ ဈေးကွက်တွင် တိုးချဲ့ရောင်းချမည် ဖြစ်သည်။

ပုံနှိပ်လုပ်ငန်းနှင့် ပစ္စည်းထုပ်ပိုးမှု လုပ်ငန်းလုပ်ကိုင်သော ထိုင်းကုမ္ပဏီ Kim Pai က သီလဝါ အထူးစီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံကာ စက္ကူသေတ္တာများ၊ စက္ကူကတ်ထူပြားများ၊ အရောင်းမြှင့်တင်ရေးသုံး ထုတ်ကုန်များ၊ ပြက္ခဒိန်များ ထုတ်လုပ်ခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းနှင့် အစားအသောက် ထုတ်ကုန်များ၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအပြင် အခြားစက်ရုံထုတ် ပစ္စည်းများကို ထုပ်ပိုးခြင်းလုပ်ငန်းများကို လုပ်ကိုင်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

"ဒီကုမ္ပဏီတွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေတော့ ရှိထားပြီးသားပါ။ အခုက သူတို့ ရင်းနှီးမြှုပ်နှံခွင့် ခွင့်ပြုချက် ရရှိသွားပြီထင်တယ်" ဟု မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိ တက် (MTSH) မှ ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ ဦးမြင့်ဇော်က ပြောကြားသည်။

လက်ရှိအချိန်တွင် သီလဝါအထူး စီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၅ ခုအထိ ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၇၆၀ ရှိကြောင်း MTSH ထံမှ သိရသည်။ http://thevoicemyanmar.com/popular-posts/894-bussiness

No comments: