ပြည်ထောင်စု
ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးတွင် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာထွန်း)
ရေရှည်တွင်
ငြိမ်းချမ်းရေးမရှိဘဲ မည်သည့်စီးပွားရေးကိုမျှ ထိန်းသိမ်းထားနိုင်မည်
မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားသည်။
သြဂုတ် ၁၅ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ဒီအစည်းအဝေးက ကျွန်မတို့ အားလုံးအတွက် အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးရှိမှ ကျွန်မတို့ ပြည်သူလူထုရဲ့ စိတ်နှလုံးချမ်းသာနိုင်မှာ၊ ပြည်သူလူထု တိုးတက်နိုင်မှာပါ။ ရေရှည်မှာ ငြိမ်းချမ်းရေး မရှိဘဲနဲ့ ဘယ်လိုစီးပွားရေးကိုမျှ ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။ စီးပွားရေးဘယ်လောက်ပဲ တိုးတက်တိုးတက် ငြိမ်းချမ်းရေး မရှိတာနဲ့ စီးပွားရေးက ပြိုသွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့အတွက် အဓိက အရေးကြီးတာက ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးသာ အရေးကြီးတယ်ဆိုပြီး စီးပွားရေး၊ လူမှုရေးတွေကို လျစ်လျူရှုထားမှာတော့ မဟုတ်ပါဘူး။ ဒါတွေက တစ်ချိန်တည်းမှာ လုပ်သွားရမယ့် ကိစ္စတွေပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံဟာ ငြိမ်းချမ်းရေး မရခဲ့ရခြင်း အကြောင်းရင်း တစ်ခုက ကျွန်မတို့ရဲ့ ပြည်ထောင်စုသားများ အားလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်လို့ပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ “ဒါတွေကို ဖြည့်ဆည်းပေးဖို့ စဉ်းစားရမယ်။ နိုင်ငံရေးအရလည်း ကျွန်မတို့အားလုံးဟာ ဘုံသဘောတူညီချက်အရ အားလုံးဟာ အနာဂတ်ကို လျှောက်ရမယ်။ ဒီဘုံသဘောတူညီချက်ကတော့ ရိုးရိုးလေးပါဘဲ။ တကယ့်ကို စစ်မှန်တဲ့၊ ခိုင်မာတဲ့ ပြည်ထောင်စုကြီး တစ်ခုကို တည်ဆောက်ချင်တယ်။ ဒီလိုပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာက ကျွန်မတို့ တိုင်းရင်းသားတွေ အားလုံးသဘောထားနဲ့ ထောက်ခံမှုပါဖို့ ဆိုတာဟာ အဓိကကျပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မတူညီသည့် သဘောထားများအား ညှိနှိုင်းရန် အင်မတန်မှ အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေးအတွက် အပေါင်းလက္ခဏာဆောင်ရန် သဘောထား အမျိုးမျိုးနှင့် အမြင်အမျိုးမျိုး ရှိရမည်ဖြစ်ကြောင်း၊ ညီလာခံ ဆိုသည်မှာ အမြင်အမျိုးမျိုးနှင့် ညှိနှိုင်းရန် တွေ့ဆုံပွဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကျင်းပရန်အတွက် ညီလာခံ ကျင်းပမည့်ရက် အတည်ပြုခြင်း၊ ညီလာခံ ဖွင့်ပွဲ၊ ညစာစားပွဲနှင့် ဖိတ်ကြားမည့် အစီအစဉ်များ အတည်ပြုခြင်း၊ ညီလာခံတွင် ဆွေးနွေးမည့် အစီအစဉ်များ အတည်ပြုခြင်းနှင့် ညီလာခံ ကျင်းပရေး ပူးတွဲကော်မတီ ဖွဲ့စည်းရေး အတည်ပြုခြင်းများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး (UPDJC) တွင် ဆွေးနွေး အတည်ပြုခဲ့ကြောင်း သိရသည်။

Writer:
နေရိုင်း၊ ဇေယျာထွန်း
No comments:
Post a Comment