တာမွေမြို့နယ်ရှိ
နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံဝင်း အတွင်းရှိ ဆောက်လက်စ
တိုးချဲ့ဆောင်ပြိုကျကာ အလုပ်သမားတစ်ဦး သေဆုံးခဲ့မှုနှင့် ပတ်သက်၍
ဆောက်လုပ်သည့် မင်းလွင်ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူကို
ရန်ကုန်မြို့တော် စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ
သိရသည်။
နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံဝင်းအတွင်း အထူးကု ဆရာဝန်များ နေထိုင်ရန်အတွက် နှစ်ခန်းတွဲလေးထပ်ကို ဆောက်လုပ်နေခြင်းဖြစ်ပြီး အဆိုပါ အဆောက်အအုံသည် မူလက ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုချက် တင်ပြရန် အကြောင်းကြားခဲ့သဖြင့် ခွင့်ပြုချက် လာရောက်တင်ပြခဲ့ကြောင်း၊ သို့သော် ခွင့်ပြုချက် တင်ပြရာတွင် မြေသားစပ်သပ်မှု (Soil Test)၊ မီးသတ် ထောက်ခံချက်စသော လိုအပ်ချက်များ ရှိသဖြင့် ယင်းလိုအပ်ချက်များကို ပြန်လည်တင်ပြရန် ရန်ကုန်မြို့တော် စည်ပင်က အကြောင်းကြားခဲ့သော်လည်း တင်ပြခဲ့ခြင်း မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။
“ဒီကိစ္စမှာ ဆောက်လုပ်တဲ့ မင်းလွင် ကုမ္ပဏီက တာဝန်ရှိသူကို စည်ပင်ဥပဒေနဲ့ အရေးယူမှာပါ။ ဒီအဆောက်အအုံက တရားဝင် လိုင်စင်ကန်ထရိုက် (LC) လက်မှတ်ထိုး မတင်ရသေးပါဘူး။ ၀န်ကြီးဌာနက ဒါနဲ့ပတ်သက်ပြီး (LC) ကင်းလွတ်ခွင့်ပြုပါလို့ ပြောတော့ (LC) ကင်းလွတ်ခွင့်က ဘာမှမဖြစ်ရင် မဖြစ်ဘူး။ တစ်ခုခု ဖြစ်လာလို့ (LC) မထိုးထားရင် ဌာနဆိုင်ရာမှာ တာဝန်ရှိတယ်။ ဒီအဆောက်အအုံကို ကွင်းဆင်းစစ်ဦးမှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်းကိစ္စတွင် ဆောက်လုပ်သည့် မင်းလွင်ကုမ္ပဏီမှ တာဝန်ရှိသူကို စည်ပင်ဥပဒေဖြင့် အရေးယူမည့် ကိစ္စနှင့်ပတ်သက်၍ အသေးစိတ် ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ပြောကြားသည်။
အဆိုပါ အဆောက်အအုံသည် သြဂုတ် ၁၃ ရက် နံနက် ၁၁ နာရီခွဲတွင် ငါးလွှာကြမ်းခင်းအား ကွန်ကရစ်လောင်းနေစဉ် ပေ ၂၅ ပေ ၁၀၀ ရှိသည့် ကြမ်းခင်းမှာ လေးလွှာသို့ ပြိုကျခဲ့ခြင်းဖြစ်ပြီး ထိုသို့ပြိုကျမှုကြောင့် လေးလွှာရှိ ပန်းရန်အလုပ်သမား ဦးထွန်းလင်းနောင် (၃၂ နှစ်) မှာ ပိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံမှာ မင်းလွင်ဆောက်လုပ်ရေး ကုမ္ပဏီက ၂၀၁၅ ခုနှစ် အောက်တိုဘာလမှစ၍ တာဝန်ယူ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Writer:
ကျော်ထင်
No comments:
Post a Comment