23, 2016
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးသို့ တက်ရောက်ရန် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်မရရှိခဲ့သည့် ပါတီ ၇၀ မှ ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ပွဲကို ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် သြဂုတ်လ ၂၃ ရက်တွင် ကျင်းပခဲ့သော်လည်း အစည်းအဝေး ပျက်ခဲ့ကြောင်းသိရသည်။
ရွေးကောက်ပွဲတွင် အနိုင်မရရှိခဲ့သည့် ပါတီ ၇၀ က ညီလာခံသို့ တက်ရောက်လိုကြောင်း ပြောဆိုခဲ့ကြပြီး ကိုယ်စားလှယ် ၅ ဦးတည်း ရွေးချယ်ခြင်းသည် ခွဲခြားမှုရှိနေခြင်းကြောင့် လက်မခံနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အစိုးရကနေပြီးတော့ ရွေးကောက်မခံရတဲ့ ပါတီ ၇၀ ကို နှစ်ပိုင်းပေါ့၊ တစ်ပိုင်းကဘာလဲဆို ငြိမ်းချမ်းရေး ညီလာခံကြီးမှာ အဖွင့်နေ့ကို တက်ခွင့်ပေးတာပေါ့။ ဒါကအားလုံးနဲ့ဆိုင်တယ်ပေါ့။ နောက်တစ်ခုက ပါတီ ၇၀ ထဲကနေပြီးတော့ ညီလာခံကြီးကို အစအဆုံးတက်ဖို့ဆိုပြီး ငါးဦးကို နိုင်ငံရေးပါတီတွေထဲက ရွေးပေးပါဆိုပြီး လုပ်ခိုင်းလိုက်တာပေါ့။ အဲ့ဒါတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီ ၇၀ ထဲက ပါတီ ၃၀ ကျော်လောက် တက်လာတယ်။ တက်လာပြီးတော့ သူတို့ရဲ့ခွဲခြားမှု ရှိနေတယ်ပေါ့။ ငါးယောက်တည်း ပေးတာကို လက်မခံပါဘူး။ ပေးရင် ၇၀ လုံးပေးပါ။ ၇၀ လုံးမပေးရင် လက်မခံနိုင်ပါဘူးဆိုပြီး ကြေညာချက်လေးထုတ်ပြီး အစိုးရဆီတင်လိုက်တယ်” ဟု ၂၁ ရာစုပင်လုံ ပူးတွဲကျင်းပရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေက The Ladies သို့ပြောသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း တက်ရောက် အမှာစကားပြောကြားမည့် ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်ကစ၍ နေပြည်တော်တွင် ငါးရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာ သံရုံးများ၊ ကုလအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြု အင်န်ဂျီအိုအဖွဲ့အစည်းများအပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းများကိုလည်း လေ့လာသူအဖြစ် ဖိတ်ကြားမည်ဖြစ်သည်။
No comments:
Post a Comment