တောင်ကြီးမြို့နယ် တောင်နီကျေးရွာအုပ်စု မိုင်းသော်အရှေ့ကျေးရွာတွင် ဖြစ်ပွားခဲ့သော သုံးလောင်ပြိုင် လူသတ်မှုနှင့် ပတ်သက်၍ စစ်ဆေးဆဲဖြစ်၍ တိကျသော အချက်အလက်များ မသိရှိရသေးကြောင့် တောင်ကြီးမြို့နယ် ရွှေညောင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Ladies သို့ သြဂုတ်လ ၂၃ ရက်နေ့တွင် ပြောသည်။
မိုင်းသော်အရှေ့ကျေးရွာရှိ ဒေါ်ရွှေရည်မျိုး၏ နေအိမ်တွင် လူဝင်လူထွက်တွေ့ရှိခြင်းမရှိဘဲ အတွင်းတံခါးကို သော့ခတ်ထားသောကြောင့် ၂၁ ရက်ညတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးက ရဲစခန်းသို့ အကြောင်းကြားပြီး သက်သေများဖြင့် သော့ဖျက် ၀င်ရောက်ကြည့်ရှုခဲ့ရာ (၃၈) နှစ်အရွယ်ရှိ အိမ်ရှင်ဒေါ်ရွှေရည်မျိုး၊ နေအိမ်အ၀င်ဝတွင် သမီးဖြစ်သူ အသက် (၁၂)နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသူ ၀ါဝါထွေး၊ နေအိမ် ခေါင်းရင်းခန်းအတွင်းတွင် တူဖြစ်သူ အသက် (၁၀) နှစ် အရွယ် ဒုတိယတန်းကျောင်းသား စိုင်းလိုင်ဟန်၏ အလောင်းများကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
“အမှုနဲ့ ပတ်သက်လို့တော့ စခန်းမှူး၊ နယ်ထိန်းနဲ့ CID က သွားရောက် စစ်ဆေးနေဆဲဖြစ်တဲ့အတွက် တိတိကျကျ မသိရှိရသေးပါဘူး”ဟု ရွှေညောင်မြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။
သမီးနှင့်တူဖြစ်သူ၏ အလောင်းများကို ပြတ်ရှဒဏ်ရာများ နှင့်အတူ ပက်လက်အနေအထား၊ ဒေါ်ရွှေရည်မျိုး အလောင်းတွင် ၀ဲဘက်လက်မောင်းရင်း ပြတ်ရှဒဏ်ရာ၊ ၀ဲဘက်နားရွက်အောက်လည် ကုပ်၌ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေခြင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အသတ်ခံရသူ ဒေါ်ရွှေရည်မျိုးသည် ခေါက်ဆွဲရောင်းသူ ဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ညဥ့်သန်းခေါင်အချိန်တွင် အသတ်ခံခဲ့ရခြင်း ဖြစ်နိုင်ကြောင်းနှင့် ၎င်းရောင်းချရန် အသင့်ပြုလုပ် ထားသည့် ခေါက်ဆွဲများ၊ ဟင်းအနှစ်များကိုလည်း နေအိမ်တွင် တွေ့ရှိရသည်ဟု သတင်းများအရ သိရသည်။
ဝသန်
The Ladies News
No comments:
Post a Comment